ဓာတ်ပုံ - အွန်လိုင်းငွေကြေးဝန်ဆောင်မှုဆိုင်တစ်ခုအား မြင်တွေ့ရစေ။

ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အမည်မသိလူတစ်စုက အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သူအချို့အား ခြိမ်းခြောက်စာပို့ ငွေတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ကိုင်သည့် မအူပင်မြို့ခံအချို့အား အမည်မသိအဖွဲ့တစ်ခုမှ 09662952321 ဆိုသည့် ဖုန်းနံပါတ်ဖြင့် ဖုန်းခေါ်ဆိုပြီး ငွေမပေးပါက ဆိုင်အားချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

” ဖုန်းနံပတ်ကတော့ မိုင်တဲ ဖုန်းနံပတ်နဲ့ပဲ ဖုန်းခေါ်ပြီး ကိုင်လိုက်တာနဲ့ ဖုန်းပြန်ချပြီး။ မက်ဆေ့တွေပို့တယ်။ ပို့တဲ့စာတွေကတော့ ငွေလွှဲ ငွေထုတ်တဲ့သူတွေဆီက ရာခိုင်နှုန်း အများကြီးစားခဲ့တာကိုသိတယ်။ သူတို့ အင်ဖော်မာအဖွဲ့အနေနဲ့လည်း စာရင်းပြုစုထားတယ်လို့ပြောတယ်။ သူတို့နဲ့ လာညှိဖို့ပြောတယ်။ မညှိရင် ဆိုင်ချိပ်ပိတ်ခံရမယ်လို့ ပါပါတယ်” ဟု ခြိမ်းခြောက်ငွေတောင်းခံရသည့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါလုပ်ရပ်များကို မအူပင်မြို့နယ် စစ်ကောင်စီလက်အောက်ခံ သွေးသောက်အဖွဲ့ဝင်များကလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။​

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မအူပင်မြို့နယ်က NLD ပါတီဝန်းရံသူအချို့နှင့် ဒေသခံပြည်သူအချို့၏ နေအိမ်များထံ စစ်ကောင်စီလက်အောက်ခံ သတင်းပေး(ဒလန်)များက ခြိမ်းခြောက်စာပေးပို့သည်အထိ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံပြည်သူများ လုံခြုံရေးအတွက်စိုးရိမ်နေကြသည်။