ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် သြဂုတ်လအတွင်း မူးယစ်ဆေးဝါးများကိုစီမံချက်ဖြင့် ဖမ်းဆီးနေပြီး များစွာရောင်းချနေသူများကို ဖမ်းဆီးခြင်းမတွေ့ပဲ၊ အနည်းငယ်၀ယ်ယူသုံးစွဲသူများကို ပစ်မှတ်ထားဖမ်းဆီးနေကြောင်း မြို့ခံများကပြောသည်။

လက်ရှိသြဂုတ်လအတွင်း ၀ယ်ယူသုံးစွဲသူ လူငယ်အမျိုသား ၆ ဦးအထိ ဖမ်းဆီးခံထားရပြီး WY နှင့် ဘိန်းဖြူ၊ ဆေးခြောက် အနည်းငယ်နှင့် ဖမ်းဆီးခံနေရကြောင်းသိရှိရသည်။

” မူးယစ်ဆေး အဖမ်းပြနေတာ၊ ရောင်းနေတဲ့ လူကြမိတယ်တစ်ခါမှမကြားရဘူး သုံးမိတဲ့ကလေးတွေကတော့ မိကုန်တာပေါ့”ဟု မြို့ခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့ကလည်း ပုသိမ်မြို့တွင်နေထိုင်သူ လူငယ်တစ်ဦး ၀ယ်ယူလာသည့် ဆေး​ခြောက် ၁၀ ဂရမ်ခန့်ကိုစောင့်ကြိုဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။

ယခုလို မူးယစ်ဆေးဝါးလာရာက်၀ယ်ယူသူ လူငယ်များကို သတင်းအတိအကျဖမ်းဆီးနိုင်ခြင်းသည်
ရောင်းချနေသော သူများမှ သတင်းပေး အဖမ်းပြခိုင်းခြင်းသာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှသုံးသပ်ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာတာကြောင့် မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

#ပုသိမ်မြို့နယ် #စစ်ကောင်စီတပ် #မူးယစ်ဆေးဝါး #အဖမ်းပြ #Ayeyarwaddy_Times