ဧရာဝတီတိုင်းမ်

(ဖလမ်း)၊ ဩဂုတ်လ ၁၉ ရက်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဒဏ်ရာရရှိခဲ့သော ဒေသခံပြည်သူများနှင့် ပျက်စီးသွားသည့် လူနေအိမ်များ၊ ဘုရားကျောင်းနှင့် ရေကန်တို့ကို ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်လျက်ရှိကြောင်း ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့(CNDF)ထံမှ သိရသည်။

ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ခြောက် ဦးဒဏ်ရာရရှိ၍ လူနေအိမ် လေး လုံး၊ ဘုရားကျောင်းနှင့် ရေကန်များ ပျက်စီးခဲ့ကြောင်းသိရသည်။

“ဒေသခံတွေက အခုတောင်ယာတွေမှာပဲ နေကြသေးတယ်။ ရွာထဲကို မဝင်ရဲကြသေးဘူး။ ပြန်လည်ထူထောင်ဖို့ နေအိမ်လေးအိမ်ပေါ့။ လေးအိမ်အပြင် နည်းနည်းပါးပါးထိခိုက်တဲ့ နေအိမ်တွေရှိတယ်။ နောက်ပြီးတော့ ဘုရားကျောင်းရှိမယ်။ ရေကန်ရှိမယ်။ အားလုံးပေါင်း သိန်းသုံးထောင်နီးပါးတော့ ဆုံးရှုံးမှုရှိမယ်။ အဲ့ဒါကြောင့် သူတို့အတွက် နေအိမ်တွေ ပြန်ဆောက်ဖို့ဆိုတာ မလွယ်ဘူးလေ။ သိန်းပေါင်းတစ်ရာ၊ နှစ်ရာလောက်ကုန်မယ်ဆိုတော့ တချို့ထောက်ပံ့မှုတွေရမှ အဆင်ပြေလိမ့်မယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ဖလမ်းမြို့၊ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဆွန်တလာကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဆွန်တလာကျေးရွာရှိ မိသားစုဝင် သုံး ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိစစ်ဘေးရှောင်ဒေသခံများသည် ဖျားနာခြင်း၊ အမိုးအကာမလုံလောက်ခြင်း၊ ဆေးဝါးလိုအပ်ချက်များ အပါအဝင် အခြားအကူအညီများလည်း လိုအပ်နေကြောင်းသိရသည်။

“ဒဏ်ရာရရှိတဲ့သူတွေက ဟားခါးမြို့ကို သွားရောက်ကုသတာ မြို့အဝင်လက်မခံကြဘူး။ ဒေသခံပြည်သူတွေရဲ့ ဒုက္ခက မသေးဘူးပေါ့နော်။ ဝေဟင်ကနေ ပစ်တာဆိုတော့ သူတို့မှာ စိတ်ခြောက်ခြားမယ့် အပိုင်းတွေရှိမယ်။ ဒဏ်ရာရထားပြီးတော့ သူတို့ကို ဆေးကုသတဲ့ စရိတ်တွေရှိမယ်။ နောက်ပြီးတော့ သူတို့ရဲ့ အိုးအိမ် ဆုံးရှုံးမှုတွေအတွက် စိတ်ညှိးငယ်နေမယ့်ဟာတွေ ရှိတယ်ဆိုတော့ သူတို့အတွက် ကျွန်တော်တို့ တပ်မဟာ-၂ (အွန်လိုင်းစာမျက်နှာ)ပေါ်ကနေ အလှူငွေတောင်းခံထားမျိုးရှိတယ် ။ ကျန်းမာရေးစရိတ်နဲ့ ပြန်လည်ထူထောင်ဖို့အတွက် ပါဝင်လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ဆက်လက်ပြောဆိုသည်။

ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာသည် ဖလမ်း-ဟားခါးအကြားတွင် တည်ရှိသည့်အတွက် တိုက်ပွဲဒဏ်ကို မကြာခဏခံနေရပြီး ကျေးရွာရှိ လူနေအိမ်အများအပြားကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဓာတ်ပုံ-လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော ရမ်ထလိုကျေးရွာ။

#စစ်ကောင်စီ #လေကြောင်း #ဖလမ်း #ပြန်လည်ထူထောင်ရေး #ဆေးကုသစရိတ် #အကူအညီလိုအပ်နေ #နေရပ်မပြန်နိုင်သေး

#Ayeyarwaddy_Times