ဟန်နွေသစ်/ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၉ ရက်

တနင်္ဂနွေရုံးပိတ်ရက် နံနက်ခင်းတစ်ခုတွင်ဖြစ်သည်။ ဈေးခြင်းတောင်းဆွဲ၍ ဈေးထဲကိုသွားရာတွင် လူများဖြင့် စည်ကားရမည့်ဈေးမှာ ခြောက်ကပ်ကပ်ဖြစ်နေသည်။ ကုန်စုံဆိုင်တချို့ ပိတ်ထားသည်။ ဟင်းသီးဟင်းရွက်နှင့်သားငါးသည်တချို့တွင် အမယ်စုံမရှိ။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ဈေး တစ်ခုတွင်ဖြစ်သည်။ စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အရာတမ်းငယ် (ဒုတိယဦးစီးမှူး)ဖြစ်သည့် အသက်သုံးဆယ်ကျော်အရွယ် မသူဇာ (အမည်လွှဲ) တစ်ယောက် လက်ထဲတွင် လိပ်ပြီး ဆုပ်ကိုင်ထားသည့် တစ်သောင်းတန် ငွေစက္ကူတချို့ကို ဖြန့်ကြည့် နေမိသည်။

ယခုမှလကုန်ပြီးကာစ ဆယ်ရက်ကျော် သာရှိသေးသော်လည်း စစ်ကောင်စီခေတ် ကုန်ဈေးနှုန်းတက်ချက်ကို လခစား ဝန်ထမ်းတစ်ဦး၏ ဝင်ငွေက လိုက်လို့မမီ။

“သူတို့ (စစ်ကောင်စီ) ကို ချစ်လို့အလုပ်လုပ်နေတာမဟုတ်ဘူး။ သားအမိနှစ်ယောက် ပဲရှိတာဆိုတော့ CDM လုပ်လိုက်ရင် ဝန်ထမ်းအိမ်ရာကနေလည်းဖယ်ပေးရမယ်။ အလုပ်လည်းပြုတ်မယ်ဆိုတေ ာ့မစွန့်စားနိုင်ခဲ့ဘူး။ လုပ်နေကျအလုပ်ကို ဆက်လုပ်နေတဲ့သဘောပါပဲ” ဟု မသူဇာက ခပ်လေးလေးဆိုသည်။

အငယ်တန်းအရာရှိ (ဒုဦးစီးမှူး)၏ ဝန်ထမ်းလစာတစ်လ ကျပ်၂၁၆,၀၀၀ ဖြင့် တစ်လ (ရက်၃၀)လုံး မသူဇာ ဘယ်လိုသုံးမလဲ။ အိမ်စရိတ် တစ်နေ့တစ်သောင်းသုံးမည်ဆိုပါက ရက်နှစ်ဆယ် သုံးရပေမည်။ ကျောင်းစရိတ်ကလည်းရှိသေးသည်။

လိုအပ်သည့် အိမ်အသုံးစရိတ်နှင့် ကျောင်းစရိတ်ရရှိရန်အတွက် ငွေချေးရသည်။ လကုန် လစာ ထုတ်ချိန်တွင် ပြန်ဆပ်၊ ပြန်ချေးနှင့် ချေးငွေသံသရာလည်နေသည်ဟု မသူဇာက လေးပင်စွာဖွင့်ဟသည်။

“တစ်နေ့တစ်နေ့ကုန်ဈေးနှုန်းတက်လို့ ဝမ်းဝအောင်လည်းမစားနိုင်တော့ဘူး။ စားဖို့ပဲ ရုန်းကန်နေတယ်။ ခါးလှဖို့ဝေး(အဝတ်အစား) မကျန်းမာရင်ကုဖို့တောင်မရှိဘူး။ ဖြစ်ရင်ခံပဲ။ အိမ်မှုကိစ္စတွေအကုန်စီမံရတဲ့ အိမ်ထောင်ရှင်မတွေကတော့ နေ့တိုင်းခေါင်းမီး တောက်နေတာ။ ဈေးသက်သာရာ ရှာကြံဝယ်နေရတယ်” ဟု ဆိုသည်။

ယခုလပိုင်း ရက်ပိုင်းအတွင်း နိုင်ငံခြားငွေကြေးနှုန်းများ ပိုမိုမြင့်တက်လာသည်။ အမေရိကန် ဒေါ်လာ ဈေး တက်သည်။ ထိုင်းငွေ ဘတ်ဈေးတက်သည်။ တရုတ် ယွမ်ဈေးတက်သည်။ ရွှေဈေး တက်သည်။ စက်သုံးဆီဈေးတက်သည်။ ကုန်ဈေးနှုန်းတက်သည်။

ပြင်ပနိုင်ငံများမှ စားသုံးကုန်၊ လူသုံးကုန်နှင့် ကုန်ပစ္စည်းများစွာတင်သွင်းနေရသဖြင့် ဒေါ်လာဈေးမြင့်တက်မှု ကြောင့်သူနှင့်ဆက်နွယ်သမျှ ကုန်ပစ္စည်းများအားလုံး ဈေးတက် နေပြီဖြစ်သည်။ အချိန်နှင့်အမျှ ကုန်ဈေးနှုန်းများကပြောင်းလဲနေသည်။

“ ဈေးသွားရင် ဒီနေ့ဘယ်ဈေးလဲလို့မေးရတယ်။ တချို့ဈေးကပ်ထားတာတွေ ရှိတယ် မှတ်လား။ အဲဒီကပ် ထားတဲ့ဈေးနဲ့ဘယ်တော့မှမရတော့ဘူး။ ဈေးသည်တွေလည်း ငြီးတယ် ဒီနေ့ရောင်းဈေးက နောက်နေ့အရင်း မရှိလို့ဆိုပြီး ကျွန်မတို့လို့ စားသုံးသူ တွေလည်း တက်ဈေးပဲပေးဝယ်နေရတာပဲ” ဟု မသူဇာက ပြောကြားသည်။

စစ်ကောင်စီက အာဏာသိမ်းယူထားသည့် နှစ်နှစ်အတွင်း ကုန်ဈေးနှုန်းအဆမတန်မြင့် လာသည်ကို ပြည်သူများနည်းတူ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများနှင့် စစ်တပ်ထောက်ခံသူ အသိုင်းအဝိုင်းးကပါ ကြုံတွေ့နေရသည်။

၂၀၂၂ ခုနှစ်ဝန်ထမ်းစာရင်းများအရ စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းပေါင်း တစ်သန်း (၁,၀၀၀,၀၀၀) ခန့်ရှိသည်ဟု သိရသည်။ အဆိုပါ အရေအတွက်သည် နိုင်ငံလူဦးရေ၏ နှစ်ရာခိုင်နှုန်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခြင်း အပေါ်လိုလားခြင်းမရှိသည့် ပြည်သူများသာမက “ဘယ်အစိုးရတက်တက် ကိုယ့်အစိုးရ” “ကိုယ်လုပ်မှကိုယ်စားရမည်” ဆိုသူများပါ အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာခြင်း၏ ခါးသီးသည့် အရသာ ကိုခံစားနေ ရသည်။

“ကျွန်မတို့အမျိုးထဲမှာ Non-CDM ဝန်ထမ်းတွေရှိတယ်။ အာဏာသိမ်းကာစမှာ သူတို့က စစ်တပ်ကို ထောက်ခံကြတာ။ အခုကျတော့ သူတို့အဘတွေလုပ်လို့ ကုန်စျေးနှုန်းတွေ ကတက်၊ လစာကလည်း မတိုးတဲ့တော့ သူတို့ဝန်ထမ်းလောက က လူတွေ တော်တော် လေးခက်ခဲကျပ်တည်းနေကြတယ်။ သူတို့အဘတွေ လုပ်ချင်ရာ လုပ်လို့ တိုင်းပြည် ပျက်စီးရတာတွေကို Non-CDM တွေ က အခုမှ သဘောပေါက်ကြတာ”ဟု ရန်ကုန်မြို့ရှိ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခင်က မြို့ကြီးများတွင်သာ ကုန်ဈေးနှုန်းတက်သည့်ဒဏ်ကို ခံစားရသော်လည်း ယခုတွင်မူ ကုန်ဈေးနှုန်းမြင့်တက်သည့် ဒီရေလှိုင်းက နယ်မြို့များအထိပါ ရိုက်ခတ်မှု ပြင်းထန်လှသည်။

စျေးကွက်တွင် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ သားငါးမှသည် ဆန်၊ ဆီ၊ ဆား စသည့် စားဖိုဆောင် သီးနှံ စားသောက်ရေးမှစ၍ လူသုံးကုန်ပစ္စည်းများအထိ ဈေးတက်နေခြင်း ဖြစ်သည်။

“ ဈေးတွေကအကုန်တက်တယ်။ ဒီမှာတောင် သားငါးမပေါတော့ဘူး။ သားငါးမပေါလို့ ဟင်းသီးဟင်းရွက်လည်း မပေါဘူး။ ရန်ကုန်ကနေတင်ပို့လာတဲ့ အသီးအနှံတွေဆို ဈေးပို ကြီးတယ်။ ကိုယ်ဆီက ထွက်တာရော မထွက်တာပါ အကုန်ဈေးကြီးတာပဲ” ဟု ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင်နေထိုင်၍ အရောင်းအဝယ်လုပ်သူ အမျိုးသား တစ်ဦးက ဆိုသည်။

ယခုဩဂုတ်လမှစတင်၍ ရက်သတ္တပတ် နှစ်ပတ်အတွင်း အခြေခံစားသုံးကုန်တစ်ခုဖြစ်သော ဆန်ဈေးက တရစ်ခြင်းစီတိုး၍ မြင့်တက်လာသည်။ ဆန်တစ်အိတ်ကို ၁၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကြားအထိ မြင့်တက်သွားသည်။

အမြင့်ဆုံးရွှေဘိုအိုးဝင်ထိပ်စ ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းခွဲဖြစ်သည်။ အနိမ့်ဆုံး ဇီယာ ဆန်တစ်အိမ်လျှင်ပင် ကျပ် ၇၀၀၀၀ ရှိသည်။

ပြည်တွင်းစားသုံးမှုများသည် ပေါ်ဆန်းမွှေးအမျိုးစားထဲတွင် ဧရာဝတီပေါ်ဆန်းမွှေး ကျပ် ၁၁၅,၀၀၀၊ ကြားပျံထူးထူးရှယ် ကျပ် ၁၁၀,၀၀၊ တောင်ပျံ တစ်သိန်းကျပ်၊ ဖျာပုံပေါ်ဆန်းမွှေးထူးရှယ် ကျပ် ၉၅၀၀၀ ၊ ပုသိမ်ပေါ်ဆန်းမွှေး ကျပ် ၉၃၀၀ ရှိသည်။

ဆန်တစ်အိတ်ဈေးသည် အနည်းဆုံး ကျပ် တစ်သိန်းဖြစ်လာသည်။ စားအုံးဆီတစ်ပိဿာ ၉၄၀၀။ ပဲဆီတစ်ပိဿာ ၁၆၀၀၀။ အခြေခံစားကုန်များမှအစ နေ့စဉ်သုံးပစ္စည်းများ အပါအဝင်ထွေထွေကုန်ဈေးမြင့်တက်နေခြင်းဖြစ်သည်။ ထိုထဲတွင် တရုတ်နှင့် ထိုင်းဘက်ကလာသည့် ကုန်ပစ္စည်းများနှင့် သီးနှံများလည်းပါဝင်သည်။

“အခု စက်သုံးဆီဈေးပါ ပြန်တက်နေပြီ။ မြဝတီလမ်းက ပျက်စီးနေတော့ အဝေးပြေး ကားကြီးတွေ ကုန်တင်စရာ ရှားပါးနေပြီ။ တချို့လုပ်ငန်းများရပ်တန့်နေတယ်။ စားသောက်ကုန်ကတော့ ဈေးအမြင့်ပိုင်းမှာပဲ ရှိနေဦးမှာ။ စားသုံးကုန်၊ လူသုံးကုန်တွေကို ဈေးတင်ကြတော့ ရိုက်ခတ်မှုပြင်းတယ်” ဟု ကုန်မျိုးစုံရောင်းချသူတစ်ဦးက ဆိုလာသည်။

ထို့ပြင် ယခုတစ်ပတ်အတွင်း ကော်ဖီမစ်၊ မုန့်မျိုးစုံ၊ သွားတိုက်ဆေး၊ ပဲနို့၊ ခြင်ဆေးခွေ၊ Poapa ရေသန့်ဗူး၊ ပက်စီ၊ Sitng အချိုရည် အစရှိသည့် နေစဉ်သုံး ကုန်ပစ္စည်းများ သည်ပင် ၂၀၀ ကျပ်၊ ၃၀၀ကျပ်၊ ၅၀၀ ကျပ်မှ ၁၀၀၀ ၊ ၂၀၀၀ထိ တက်လာကြောင်း ကုန်မျိုးစုံရောင်းချသူထံက သိရသည်။

အထွေထွေကုန်ဈေးနှုန်းမြင့်တက်ခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေါ်လာဈေးပေါ် မူတည်သည်။ ပြီးခဲ့သည့် လပိုင်းတွင် အနည်းငယ်တည်ငြိမ်နေသည့် ဒေါ်လာဈေးသည် စစ်ကောင်စီ၏ နှစ်သောင်းတန်ငွေစက္ကူ အသစ်ရိုက်နှိပ်မည်ဟု ထုတ်ပြန်ချက်ကြောင့် ကုန်ဈေးနှုန်းဂရပ်မျဉ်းကြောင်းက မိုးပေါ်ထောင်တက်သွားသည်။

စစ်ခေါင်းဆောင်အုပ်စုနှင့် ဆက်နွယ်နေသူများအပေါ် နိုင်ငံတကာ၏ အရေးယူပိတ်ဆို့ မှု များတိုးမြင့်လာသည်။ ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများဆုံး လုပ်ဆောင် နေသည့် စင်ကာပူနိုင်ငံလည်း ပါဝင်လာသည်။ စင်ကာပူဘဏ် တစ်ခု ဖြစ်သော UOB ဘဏ်က မြန်မာဘဏ်များနှင့် နိုင်ငံခြားငွေလွှဲလုပ်ငန်းများရပ်ဆိုင်းလိုက်ပြန်သည်။

စစ်ကောင်စီက အမှတ်တရအဖြစ်သာ ထုတ်ဝေခြင်းဖြစ်သည်ဟု ဆိုထားသည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူဂယက်၊ စစ်ကောင်စီလက်အောက်ခံ စိးပွားရေးနှင့် ကုန်သွယ်ရေး ဘဏ်နှစ်ခုပိတ်ခံရမှုအရေးယူပိတ်ဆို့ရခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မရှိခြင်းနှင့် ကုန်သွယ်မှုလိုငွေကွာဟ ချက်များလွန်းမှုများသည် ဒေါ်လာဈေးကို တဟုန်ထိုးတက်လာစေပြီး မြန်မာကျပ်ငွေတန်ဖိုးကို တရှိန်ထိုး လျော့ကျလာစေခဲ့သည်။

အာဏာရှင် စစ်ခေါင်းဆောင်များ၏ လုပ်ဆောင်နိုင်မှု စွမ်းပကားကာ အလွန့် အလွန် ကြီးလှပါပေသည်ဟု ငြီးရမည်ဖြစ်ပြီး အလုံးစုံကို ကြီးမြင့်(စျေးကြီး)တော်မူစေသော အဘများပင် ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သား အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်တစ်ဒေါ်လာ ၁,၃၀၀ ကျပ်ဖြစ်သည်။

ယခု အရာရာကို အစိုးမရသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး အုပ်စိုးနေချိန်တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၃၅၀၀ အထက်ဖြစ်လာသည်။

လုပ်ငန်းရှင်နှင့် ကုန်သည်များကလည်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုတို့ကို အကြောင်းပြ ငြီးညူ၍ စျေးတက်သည်။ လုပ်အားခအပေါ် ခေါင်းပုံဖြတ်ကာ တိုးမြှင့် ပေးရန် လျှစ်လျူရှု့သည်။ စစ်ခေါင်းဆောင် ကိုယ်တိုင်ပင်လျင် ၎င်း၏ Non CDM ဝန်ထမ်းများကို လစာတိုးပေးရန်ထက် ၎င်း၏အာဏာသက်တမ်း ခြောက်လ တစ်ကြိမ် တိုးနိုင်ရေးသာ လုံးပန်းနေရသည်။

ယခု ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလုပ်ခလစာ ကျပ်နှစ်သိန်းထားကာ ယနေ့ဖြစ်ပေါ် နေသော ငွေလဲနှုန်းဖြင့် တွက်ချက်ပါက ၎င်း၏ တစ်လတာဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၅၇ ဒေါ်လာသာရရှိမည်ဖြစ်သည်။

ထို့ကြောင့် စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ဝန်ထမ်းတစ်ဦးအနည်းဆုံးလစာ ကျပ်နှစ်သိန်းကို ထိုစဉ်က အမေရိကန်ဒေါ်လာစျေး ၁၃၀၀ ဖြင့်တွက်ချက်ပါက ထိုစဉ်က ဝန်ထမ်းတစ်ဦး၏ ဝင်ငွေမှာ ၁၅၃ ဒေါ်လာဖြစ်သည်။

အဆိုပါအချက်များကို နှိုင်းယှဉ်ကြည့်ပါက မြန်မာငွေတန်ဖိုး ၈၅ ရာခိုင်နှုန်းကျော် အထိ ကျဆင်းသွားပြီဖြစ်သည်။

“စစ်ကောင်စီလက်ထက်မှာ ကုန်စျေးနှုန်းတက်ချက်က ငွေ တစ်သောင်းနဲ့စျေးသွားရင် ဟင်းစားပဲဝယ်လို့ရမယ်။ ဆန်နဲ့ဆီပါမယ်ဆို တစ်သောင်းနဲ့ မလောက်ဘူး။ တနေ့ နှစ် သောင်းလောက်မှ အဆင်ပြေမယ်။ တစ်ရက် ငွေတစ်သောင်းလောက်တောင် ဝင်ငွေမရှိတဲ့ သာမာန်လက်လုပ်လက်စားတွေ ငတ်ပြီပေါ့။ ထမင်းနဲ့ ငါးပိရည်နဲ့ ကန်စွန်းရွက် ပြုပ်တောင် နပ်မှန်အောင် မနည်းရှာစားရတဲ့ဘ၀တွေ ရောက်နေကြပြီ” ဟု ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှ အိမ်ရှင်မတစ်ဦးက ငြီးညူစကားဆိုသည်။

မသူဇာကဲ့သို့ ဒုဦးစီးမှူးရာထူးအဆင့်ရှိသည့် အရာထမ်းငယ် Non CDM ဝန်ထမ်း၏ မီးဖိုချောင်ထဲတွင်ပင် ဆန်အပြည့်၊ ဆီအပြည့်၊ ဆားအပြည့်မရှိတော့ပေ။

ရာထူးအလယ်အလတ်အဆင့်ရှိသည့် စစ်ကောင်စီဝန်ထမ်းများ၊ အရောင်းအဝယ် လုပ်သူများ၊ ကုန်မျိုးစုံရောင်းချသူများ သည်ပင်လျှင် တစ်လနှင့် တစ်လအလျင်မီစေရန် ခြိုးခြံချွေတာနေရကြသည်မို့ အောက်ခြေ Non CDM ဝန်ထမ်းများ ၊ အလုပ်လက်မဲ့နှင့် သာမန် လက်လုပ်လက်စားများ ဘ၀ကား ဆိုဖွယ်ရာမရှိတော့ပေ။

စစ်ကောင်စီ၏ ကျေးဇူးဖြင့် ဆန်တွင်းက နက်သည်ထက်နက်လာပြီမို့ အခြားအရေးထက် မီးဖိုချောင်၏ အရေးသည်ပင် အလွန်ခက်ခဲလျှက် ရှိနေပေတော့သည်။

#မီးဖိုချောင်ရဲ့ဖွင့်ဟဝန်ခံချက် #သတင်းဆောင်းပါး #Ayeyarwaddy_Times