ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းရဲရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး တော်လှန်ရေး အင်အားစုများ၏ သတင်းစုံစမ်းရန်နှင့် သတင်းမပေးသူများအနေဖြင့် အကြမ်းဖက်ဥပဒေဖြင့် အရေးယူ ခံရမည်ဟု မြို့နယ်ထွေအုပ်နှင့်စစ်ကောင်စီတပ်မှဖိအားပေးခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေသခံများ ထံကသိရသည်။

စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူတစ်ဦး နှင့် မြို့နယ်ထွေအုပ် ၊ရဲအပါအဝင်အင်အား ငါးဦးခန့်မှာ ကျေးရွာကြံ့ခိုင်ရေးပါတီဝင်၇၀ဦးနှင့်အတူ ကျေးရွာဒေသခံများကို တစ်အိမ်လျှင် တစ်ယောက် မဖြစ်မနေ အစည်းအဝေးတက်ရောက်စေခိုင်းခံခဲ့ရကြောင်း အင်းရဲကျေးရွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

“စစ်တပ်ကအရာရှိတစ်ဦးရယ်၊ ထွေအုပ်တွေရယ်လာပြီးတော့ ကျေးရွာတွေ့ဆုံပွဲဆိုပြီး လုပ်သွားတယ်။ ရွာထဲကကြံ့ဖွံ့တွေက အကုန်တက်ရတယ်။ တရွာလုံးကို မတက်မနေရဆိုပြီး ခေါ်လို့တအိမ်တစ်ယောက် သွားခဲ့ရတယ်” ဟုသူကပြောသည်။

အဆိုပါ အစည်းအဝေးတွင် တော်လှန်ရေးအင်အားစုနှင့် ပတ်သက်နေသူများ၏ သတင်းများကို စုံစမ်းပေးရန်နှင့် NLD ပါတီထောက်ခံသူများကိုလည်းဖော်ထုတ်ပေးရန် စစ်ကောင်စီတပ် ဗိုလ်အဆင့်ရှိသူနှင့် မြို့နယ်ထွေအုပ်အဖွဲ့မှ ပြောဆိုခဲ့၍ သတင်းမပေးသူများ အပေါ်အကြမ်းဖက်ပုဒ်မဖြင့် အရေးယူသွားမည်ဟု ဖိအားပေးစေခိုင်းခံခဲ့ရကြောင်း အစည်းအဝေးတက်ရောက်ရန် ဖိအားပေး စေခိုင်းခံရသူများထံက သိရသည်။

” တွေ့ဆုံပွဲဆိုပြီး နာမည်တပ်လိုက်တာ တကယ်က PDF သတင်းစုံစမ်းခိုင်းဖို့ ပြောချင်တာဗျ။ NLD ထောက်ခံသူတွေက ဘယ်သူတွေရှိသေးလဲ။ အဲဒါကိုပါစုံစမ်းပေးရမယ်။ သတင်းမပေးတဲ့သူတွေကို အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲခံရမယ်ပေါ့။ ကြံ့ဖွံ့တွေပဲလုပ်ကြမှာပါပဲ” ဟု အစည်းအဝေးတက်ရောက်ခဲ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။

ထို့အပြင် ကျေးရွာအတွင်း၌ ပျူစောထီး(ပြည်သူ့စစ်)ဖွဲ့စည်းရန်အတွက် အင်အားစုဆောင်းသွားသည့် အပြင် အသက်၂၀နှစ် အရွယ် လူငယ်အမျိုးသား နှစ်ဦးကို လည်း တပ်အင်အားအတွက်ဆိုကာခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ကျုံပျော်မြို့နယ်တွင် သြဂုတ်လ ပထမအပတ်ကစပြီး မြို့နယ်ထွေအုပ်နှင့် စစ်ကောင်စီတပ်မှ ကျေးရွာများအလိုက် လုံခြုံရေးအကြောင်းပြကာ ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့များဖွဲ့ စည်းရန် စည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

#တော်လှန်ရေး #ပတ်သက်သည့် #သတင်းများစုံစမ်းရန် #ထွေအုပ်နှင့်စစ်ကောင်စီတပ် #ဖိအားပေး #သတင်းမပေး #အကြမ်းဖက်ဥပဒေဖြင့် #အရေးယူမည်ဟုခြိမ်းခြောက် #Ayeyarwaddy_Times