ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က ဒေသခံကုန်စုံဆိုင်ပိုင်ရှင် အမျိုးသား တစ်ဦးကို တော်လှန်ရေးအဖွဲ့ များထံ ထောက်ပို့လုပ်သည်ဟု အကြောင်းပြကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံကသိရသည်။

အသက် ၄၀ နှစ်ခန့်ရှိ အဆိုပါ အမျိုးသား ကို နေအိမ်တွင် စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့ဝင်များက စစ်ကားနှစ်စီးဖြင့် ရောက်လာပြီး အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ရွှေလောင်းကျေးရွာဒေသခံတစ်ဦးကပြောသည်။

“ဘာအကြောင်းနဲ့တော့ မသိဘူး ။စျေးနားကအိမ် ကုန်စုံဆိုင်ဖွင့်တဲ့သူကို စစ်တပ်နဲ့ရဲတွေ ကားနဲ့လာပြီးဖမ်းသွားတယ်။ အတင်းအကျပ်ခေါ်သွားတာတွေ့ခဲ့ရတယ်။ နောက်တော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်တယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ကုန်စုံဆိုင်ရှင်အမျိုးသားသည် တော်လှန်ရေးအဖွဲ့များ အပေါ် ထောက်ပို့လုပ်နေသည်ဟု အကြောင်းပြကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အရေးယူခံထားရကြောင်း ဖမ်းဆီးခံထားရသူနှင့် နီးစပ်သူများထံကလည်း သိရသည်။

” ရဲစခန်းကိုလှမ်းစုံစမ်းတော့တော်လှန်ရေးအဖွဲ့ကို ထောက်ပို့လုပ်လို့ ဖမ်းတာ ။ အကြမ်းဖက် ပုဒ်မနဲ့အရေးယူထားတယ်လို့ပြန်ကြားရတယ်။ သူကPDFနဲ့ပက်သက်လို့ ဘာမှလုပ်ထားတာလည်းမရှိဘူး။ အမှုဆင်ပြီး အဖမ်းခံရတ” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်က စတင်ပြီး စစ်ကောင်စီတပ်နှင့်ရဲအင်အား ၂၀ ဦးထက်မနည်း ပါဝင်သည့် စစ်ကြောင်းတစ်ခုသည် ဝါးခမယ်မြို့တွင်းတွင် နေ့ရောညပါ ကင်းပတ်နေကာ ရပ်ကွက်နှင့်ကျေးရွာအလိုက် မကြာခဏ ဆိုသလို ဧည့်စာရင်းစစ်ဆေးခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။ ထို့အပြင် အဆိုပါ စစ်ကောင်စီ တပ်သားများသည် မြို့ပြင်တွင် ကင်းပုန်းဝပ်ပြီး လမ်းသွား လမ်းလာ ပြည်သူများထံက ခြိမ်းခြောက် ငွေညစ်တောင်းခံမှုများကိုလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

#ဝါးခယ်မ #ကုန်စုံဆိုင် #အမျိုးသားတစ်ဦး #PDF ထောက်ပံ့သည်ဟု #အကြောင်းပြ၍ဖမ်းဆီးခံရ
#Ayeyarwaddy_Time