ဧရာဝတီတိုင်းမ်

(အုတ်ဖို)၊ ဩဂုတ်လ ၁၉ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာတွင်နေထိုင်သည့် ပျူစောထီးခေါင်းဆောင်ဆန်း‌ငွေ၏ တပည့်ငသောင်းလေးဆိုသူကို ယမန်နေ့ဩဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီဝန်းကျင်က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပျူစောထီးတပ်ဖွဲ့ဝင် ငသောင်းလေးဆိုသူမှာ သေနတ်ကိုင်ကာ ဒေသခံများအပေါ်အနိုင်ကျင့်

ခြိမ်းခြောက်မှုများပြုလုပ်နေပြီး စစ်ကောင်စီအတွက် ဆက်ကြေးများလည်း လိုက်လံကောက်ခံနေသည့်အတွက် သေနတ်ဖြင့် ဦးခေါင်းကို လေး ချက်ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင်သေဆုံးခဲ့သည့်အတွက် စစ်ကောင်စီက ဆက်သွယ်ရေးအတွက် ပေးထားသည့် ဖုန်းနှစ်လုံးကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီက သူ့ကိုသေနတ်ပေးထားတာ။ မနေ့ကရှာတာမတွေ့လို့ မသိမ်းခဲ့ရဘူး။ သူ့ကိုရှင်းခဲ့တာက သူ့နောက်အိမ်ထောင်အိမ်မှာပေါ့နော်။ အဲ့မှာသူပစ်ခံရတော့ သူ့ရဲ့ နောက်မိန်းမကထွက်ပြေးသွားပြီး စစ်ကောင်စီတပ်သားတွေရောက်လာတယ်။ ဒါပေမဲ့အလောင်းမကောက်ရဲကြဘူး။ မနက် ၁၁ နာရီသေတဲ့အလောင်း ညနေ ၅ နာရီမှ လာကောက်တာ။ အခုနောက်ပိုင်းဒီဘက်ကို ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ဗမာစကားရော ကရင်စကားရော နားမလည်ကြဘူး ” ဟု PDF ၃၈၀၂၊ တပ်ရေးတာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါပျူခေါင်းဆောင်ဆိုသူ သတ်ခံရပြီးနောက် စစ်ကောင်စီတပ်သား ၇၀ ကျော်မှာ ဝိုင်းကျေးရွာအနီး ကမ်းနီကျေးရွာသို့ ရောက်ရှိလာကာ မိုင်းဆွဲတိုက်ခိုက်ခံရမည်ကို ကြောက်သည့်အတွက် အလောင်း ကောက်ယူခြင်း မပြုပဲ ညနေမှသာ ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

သာယာဝတီခရိုင်းအတွင်း ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း မင်းလှမြို့နယ်တွင် ပဲခူးရိုးမအတွင်းက PDF စခန်းတည်နေရာများကို လိုက်လံလမ်းပြပေးသည်ဟုဆိုကာ စစ်ကောင်စီသတင်းပေးဟုကျော်ကြားသူ လင်မယား နှစ်ဦးကို သာယာဝတီခရိုင်တပ်ရင်း၃၈၀၂၊ တပ်ခွဲ ၅ က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့။

#အုတ်ဖို #ဝိုင်းကျေးရွာ #ပျူခေါင်းဆောင် #ပစ်သတ်ခံရ #PDF #Ayeyarwaddy_Times