
နွေဦးမောင်/ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၈ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်၊ မြို့ချောင်း ကန့်လန့်ရိုးမဖြတ်ကျော်လမ်း ဘေးရှိ ပျဥ်းကတိုးသစ်တောဂိတ်တွင် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁နာရီ ၃၀ မိနစ်က PDF စခန်းများအား စစ်ကောင်စီတပ်ကို လိုက်လံပြသသူဟု ဆိုသည့် လင်မယား နှစ်ဦးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ-၅ က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဦးအေးလွင်ဦးနှင့် မခင်စန်းဝင်းတို့ ဇနီးမောင်နှံနှစ်ဦးသည် PDF စခန်းများအား လိုက်လံ ပြသသည့်အပြင် PDF များအား ကိုယ်တိုင်ဖမ်းပြမည်ဟု အမြဲကြွေးကြော်နေသူများ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
” သူတို့ (ဦးအေးလွင်ဦးနှင့်မခင်စန်းဝင်း)က ကျွန်တော်တို့ PDF စခန်းကို စစ်ကောင်စီကို လိုက်ပြပေးတာ သတင်းရလို့လူတွေ ရှောင်နိုင်ခဲ့ပေမဲ့ စခန်းမီးရှို့ ဖျက်ဆီးခံရပြီး ပစ္စည်းတွေဆုံးရှုံးခဲ့ရတယ်။ သူတို့က PDF တွေကို ကိုယ်တိုင် ဖမ်းပြမယ်ဆိုပြီး ကြွေးကြော်နေတာ။ ခင်စန်းဝင်းက စစ်ကောင်စီတပ်က သုံးပွင့်နဲ့ ဗိုလ်ကြီးရဲတူမ ဆိုတော့ သူတို့အိမ်မှာ စစ်ကောင်စီတပ်က သောက်စားနေထိုင်ပြီး သူတို့နဲ့ အစဥ်မပြေတဲ့ ဒေသခံတွေကို လက်ညိုးထိုးပြီးဖမ်းခိုင်းနေတာ။ သူတို့ကြောင့် ဖမ်းဆီးခံတဲ့ ဒေသခံတွေ လည်း အတော်လေးများတယ်” ဟု သာယာ၀တီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ-၅ မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ လင်မယားနှစ်ဦးသည် စစ်ကောင်စီနှင့်ပေါင်း၍ ပျဥ်းကတိုး သစ်တောဂိတ်တွင် ဂိတ်ကြေးကောက်ခံနေစဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် များထံက သိရသည်။
“သူတို့က ပျူစောထီးဖွဲ့ပြီး အုပ်စုနဲ့နေတာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ရက်နေ့က ကျွန်တော်တို့ ကားမီးရှို့ပြီးရှင်းလိုက်တဲ့ ပျူစောထီးတွေအထဲမှာ လေးယောက် လွတ်သွားတယ်။ အဲ့ဒီအထဲမှာ သူတို့ နှစ်ယောက်က ရွာခြေမကပ်ဘဲ စစ်ကောင်စီတပ်ကို သတင်းပေး လမ်းပြ ဆက်လုပ်နေလို့ ရှင်းလင်းလိုက်တာ” ဟု သာယာဝတီခရိုင် တပ်ရင်းမှ တာဝန်ရှိ သူက ဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ -၅ သည် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မင်းလှမြို့နယ်၊ ပဲခူးရိုးမအစပ် စိန်ကန့်လန့် – မြို့ချောင်းလမ်း ခါချဥ်တောင်တွင် စစ်ကောင်စီတပ်သတင်းပေးဆိုသူ မီးသွေးတင်ကားမောင်းနှင်သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်နှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပုံစာ- အသတ်ခံရသည် စစ်ကောင်စီလမ်းပြ သတင်းပေးဆိုသူ လင်မယား နှစ်ဦး
#မင်းလှမြို့နယ် #ပျဥ်းကတိုးသစ်တောဂိတ် #PDFစခန်းများလမ်းပြ #လင်မယား၂ဦး #ပစ်သတ်ခံရ #Ayeyarwaddy_Times