ဧရာဝတီတိုင်းမ်

(နေပြည်တော်)၊ ဩဂုတ်လ ၁၈ ရက်

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပျဉ်းမနားမြို့နှင့် မိုင် ၃၀ သာကွာဝေးသည့် ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲအပြီးတွင် အဆိုပါစခန်းနှင့်အနီးတစ်ဝိုက်နေရာများကို စစ်ကောင်စီဘက်မှ အင်အားအများအပြားထပ်မံဖြည့်တင်းထားကြောင်း PKS-PDF ၁၀၀၄ တပ်ရင်း ထံကသိရသည်။

နေပြည်တော်ကောင်စီအတွင်းရှိ ခမရ(၄၁၁)ဘို့မသံတောင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၁၀ ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး ယခုအခါစစ်ကောင်စီက ဘို့မသံတောင်စခန်းအနီးတစ်ဝိုက်နေရာများကို စစ်ကြောင်းထိုးခြင်းများ၊ စစ်အင်အားဖြည့်တင်းထားခြင်းများ ပြုလုပ်နေကြောင်းသိရသည်။

“အခုလက်ရှိမှာ စစ်ကောင်စီဘက်က ကျွန်တော်တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဆိုရင် အခုဆိုစစ်ကြောင်းထိုးတာရှိတယ်။ အင်အားထပ်ဖြည့်တာရှိတယ်။ အဓိကကတော့သူတို့ကျန်တဲ့စခန်းတွေကို PDFတွေဆီကနေ ဝင်ရောက်စီးနင်းမခံရအောင် တော်တော်လေးကာကွယ်ပြင်ဆင်ထားတာကို တွေ့ရတယ်။” ဟု PKS-PDF ၁၀၀၄ တပ်ရင်း တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုအခါတွင် ထိတွေ့တိုက်ပွဲများအပြင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘို့မသံတောင်၊ ဘို့မအထက်၊ ဘို့မအောက်၊ တောင်မြင့်ရွာမ၊ ရေပူတောင်၊ ရေပူလေး စသည့်ကျေးရွာများမှ ဒေသခံ နှစ်ထောင် ကျော်မှာ နီးစပ်ရာဒေသများသို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေကဒေသခံတွေက တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုသွားပြီးတော့ ရှောင်နေတာလည်းရှိတယ်။ တောထဲမှာပုန်းနေရတာတွေလဲရှိတယ်။” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူး‌ပေါင်း တပ်ဖွဲ့များဘက်မှ ရဲဘော်ခွန်းစတီဗင်း(၁၉နှစ်)၊ ခွန်းမြင့်ဦး(၂၀နှစ်)၊ ခွန်းဘောစကို(၁၉နှစ်) တို့ သုံးဦးကျဆုံးခဲ့ရကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းPKS-PDF တပ်ရင်း-၁၀၀၄ နှင့် သံတောင်မြောက်ပိုင်း အထူးဒေသ(၂) ပူးပေါင်းတပ်ဖွဲ့တို့မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၂ ရက်အတွင်း နေပြည်တော်နှင့် ပျဉ်းမနားအနီးတစ်ဝိုက်ရှိ ဘိုမသံတောင်၊ ဘိုမအထက်ရွာ၊ ရေပူအောင်ခေါင်ရွာ စသည့် နေရာများတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ ၇ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး တပ်သား ၅၀ ‌‌ဦးနှင့်အထက်သေဆုံးကာ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၉ လက်သိမ်းဆည်းရမိခဲ့ကြောင်း PKS-PDF ၁၀၀၄ တပ်ရင်း ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ – PKS-PDF ၁၀၀၄ တပ်ရင်း

#နေပြည်တော် #ပျဉ်းမနား #ဘို့မသံတောင် #စခန်းသိမ်း #စစ်ကောင်စီစခန်း #Ayeyarwaddy_Times