ဧရာဝတီတိုင်းမ်
(ထန်းတပင်)၊ ဩဂုတ်လ ၁၇ ရက်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်က ဇလုပ်ကြီးကျေးရွာသို့ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး ဒေသခံအမျိုးသား နှစ် ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာတွင် ရောက်နေသည့် စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းမှ ဇလုပ်ကြီးကျေးရွာသို့ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဇလုပ်ကြီးကျေးရွာတွင်းသို့ ကျရောက်ခဲ့ပြီး အသက် ၆၀ အရွယ် ကိုမောင်ထွေး(ခ)ကျော်ဇေယျမှာ ရင်အုံ၊နှာခေါင်း၊နားထင် ပေါက်ထွက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇော်မှာ ညာလက်ကောက်ဝတ်ပြတ်၊ ဘယ်ဘက်ဝမ်းဗိုက် အောက်ပိုင်းပွင့်ထွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီဘက်မှာက လှုပ်ရှားစစ်ကြောင်းတွေရှိတယ်။ လှုပ်ရှားစစ်ကြောင်းတွေက ရွာတွေမှာပဲ စခန်းချနေတယ်။ ထိတာက ရွာခံတွေပါပဲ ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူနှစ်ဦးကို စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များက KNLAတပ်ဖွဲ့ဝင်နှင့် PDFများဖြစ်ကြောင်း ဝါဒဖြန့်နေသော်လည်း သေဆုံးသူကိုမောင်ထွေးမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများပြောကြားချက်အရ သိရသည်။

စစ်ကောင်စီလှုပ်ရှား စစ်ကြောင်းများသည် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အရှေ့ဘက် ကမ်းရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ရမ်းသမ်း ပစ်ခတ်နေရာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ထန်းတပင်မြို့နယ်၊ ငါးဆီလှောင်ရွာမှ ဦးဝင်းလွင်ဆိုသူမှာ ပေါင်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံက သိရသည်။

#ထန်းတပင် #ဖြူး #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times