
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၇ ရက်
မြန်မာနိုင်ငံကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ် ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်က လာရောက် ခဲ့ပြီး နေပြည်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths သည် မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများအတွက် ပြဿနာများရှိနေပြီး ပြည်သူလူထုကို အကူအညီ ပေးနိုင်ရေးအတွက် လမ်းစရှာရန် လာရောက်ခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
UNOCHA၏ အကြီးအကဲ လာရောက်ခြင်းသည် နိုင်ငံရေးအရ လာရောက်ခြင်း မဟုတ်ဘဲ စစ်ကောင်စီက ဒုက္ခရောက်နေသည့် ပြည်သူလူထုအပေါ် အခွင့်ကောင်းယူ၍ ဓားစာခံအဖြစ် သုံးလာနိုင်ကြောင်း ၎င်းက ဆိုသည်။
“ဒီအကြမ်းဖက် စစ်ကောင်စီဟာ အစစအရာရာ အဘက်ဘက်မှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ သံတမန်အရေးအရ အရှုံးကြီးရှုံးနေတယ်။ အဲ့ဒီလို အကျပ်အတည်း တွေ တွေ့နေတဲ့အချိန်မှာ UNOCHA ဒီလာတဲ့ကိစ္စကို အခွင့်အကောင်းယူပြီးတော့ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ကြိုးစားမှာတော့ ကျွန်တော်တို့အနေနဲ့ တွက်ဆထားလို့ ရပါတယ်။ နောက် မြန်မာနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကြမ်းဖက် စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ဓားစာခံအနေနဲ့ သုံးနေတာ” ဟု NUG သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဇောက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင်သည် UNOCHA ၏ အကြီးအကဲဖြစ်သူ Mr. Martin Griffiths နှင့် တွေ့ဆုံစဉ် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့၍ ၎င်းတို့အနေဖြင့် အာဏာသိမ်းရခြင်းဖြစ်သည်ဟု တိုင်ကြားခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့် တိုင်းရင်းသားဒေသများ ဖွံဖြိုးတိုးတက်ရေးကိစ္စ တို့ကို လည်း တင်ပြပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ခေါင်းဆောင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် “မိုခါ” မုန်တိုင်းဖြစ်ပွားချိန်တို့၌ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီ ပေးမှုများ နည်းပါးခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ရခြင်း၏ တစ်ဦးတည်းသော အဓိကတရားခံသည် အာဏာသိမ်း စစ်ကောင်စီသာဖြစ်ပြီး ၎င်းတို့ကြောင့် ပြည်သူလူထု ဒုက္ခအများအပြား ရောက်နေရသလို “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍လည်း စစ်ကောင်စီက အနည်းငယ်သာ ကူညီမှုပေးခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတကာအကူအညီများအား ပိတ်ပင်တားမြစ် ခဲ့ကြောင်း NUG သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ဆိုသည်။
“စစ်ကောင်စီအနေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို ဓားစာခံလုပ်ပြီးတော့ နိုင်ငံတကာမှာ သူ့(စစ်ကောင်စီ)အနေနဲ့ နိုင်ငံရေး အမြတ်ထုတ်ဖို့အတွက် ကြိုးစားတဲ့ လုပ်ရပ်တစ်ရပ်လို့ သုံးသပ်မိပါတယ်။ ကုလသမဂ္ဂအနေနဲ့လည်း စစ်ကောင်စီရဲ့ လုပ်ရပ်၊ ရည်ရွယ်ချက်ကို သတိမူဖို့အတွက် လိုပါတယ်။ မဟုတ်ရင် ဒုက္ခရောက်နေတဲ့ ပြည်သူ လူထုတွေအတွက် ဘာမှထူးခြားမှုမရှိဘဲ ဒုံရင်းက ဒုံရင်းအတိုင်းဖြစ်ပြီးတော့ စစ်ကောင်စီ ရဲ့ အမြတ်ထုတ်မှုကို ခံသွားရမယ့် အနေအထားမျိုးကို စိုးရိမ်မိတယ်” ဟု ၎င်းက ပြောသည်။
Mr. Martin Griffiths သည် အတွေ့အကြုံရှိသည့် သံတမန်တစ်ဦးဖြစ်၍ ပါးပါးနပ်နပ်ဖြင့် စစ်ကောင်စီ၏ အသုံးချခြင်းကို မခံရစေဘဲ ဒုက္ခရောက်နေသည့် ပြည်သူလူထုကို အကူအညီပေးနိုင်ရန်အတွက် လမ်းကြောင်းရှာ၍ ရမည်ဟု မျှော်လင့်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ်စား ဦးကျော်ဇောက ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း ဒေသများသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်နှင့် ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် လူရာနှင့်ချီ သေဆုံးခဲ့ပြီး လူနေအိမ်များ၊ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခဲ့သလို တိရစ္ဆာန်များစွာလည်း ထိခိုက်သေဆုံးခဲ့သည်။
အဆိုပါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ကို နိုင်ငံတကာက ကူညီမှုများပေးရန် ရက္ခိုင့်တပ်တော်-ULA/AA မှ တောင်းဆိုခဲ့ပြီးနောက် ဇွန်လ ၇ ရက်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့-WFP အပါအဝင် ပြည်တွင်း၊ပြည်ပ ကူညီရေးအဖွဲ့များအား ခရီးသွားလာခွင့် ရပ်ဆိုင်းထားရန် စစ်ကောင်စီက တားမြစ်ထုတ်ပြန်ခဲ့သည်။
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅ ဒသမ ၄ သန်းကျော်ခန့် မုန်တိုင်းဒဏ်သင့်သည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ အစီရင်ခံစာအရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့် မြေပြင်တွင်ရှိသော အဖွဲ့အစည်းများ၊ တိုင်းရင်းသား အင်အားစုများနှင့် ပူးတွဲ၍ အတတ်နိုင်ဆုံး ဒုက္ခရောက်နေသည့် ပြည်သူလူထုကို ကူညီပေးနေသလို နိုင်ငံတကာအနေဖြင့်လည်း NUG ၊ တိုင်းရင်းသား အင်အားစုများနှင့် ပွင့်လင်းမြင်သာစွာ ထိတွေ့ဆက်ဆံ၍ ညှိနှိုင်းဆောင်ရွက်ကာ ဒုက္ခရောက်နေသော ပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိစေရန်အတွက် ဆောင်ရွက်သင့်ကြောင်း NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက တိုက်တွန်းပြောဆိုသည်။
NUG အနေဖြင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ မုတ်သုံမိုးကြီးပြီး မြစ်ချောင်းများ ရေလျှံခြင်းကြောင့် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းဒေသရှိ ပြည်နယ်နှင့် တိုင်းဒေသများ အပါအဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ် ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ရေဘေးသင့်သူဦးရေ အနည်းဆုံး ခန့်မှန်းခြေ ၅၀,၀၀၀ ရှိခဲ့ပြီး ဩဂုတ်လ ၁၀ ရက်နေ့အထိ လူဦးရေ ၃၀,၀၀၀ ကျော်ကို ရေဘေးလွတ်ရာယာယီစခန်းများဆီ ပို့ဆောင်ထားရကြောင်း UNOCHA က ယမန်နေ့ ဩဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – စစ်ကောင်စီ
#UNOCHAအကြီးအကဲ #မြန်မာနိုင်ငံသို့လာရောက် #ပြည်သူကိုအကူအညီပေးနိုင်ရေး #စစ်ကောင်စီ #နိုင်ငံရေးအမြတ်ထုတ် #NUG #Ayeyarwaddy_Times