ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၁၇ ရက်

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့ ၊ လှေကြီးတက်ကျေးရွာမှာရှိတဲ့ သာပေါင်းစက္ကူစက်ရုံကို စစ်တပ်ပိုင် MEC ၏သတင်းစာစက္ကူစက်ရုံအဖြစ် ပြန်ဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ယခင်ကသဘာ၀ပတ်၀န်းကျင် ညစ်ညမ်းခြင်း၊ စက္ကူအတွက် ကုန်ကြမ်းရှားပါးခြင်းနှင့် ထုတ်လုပ်သောစာရွက်များ အရည်အသွေးမမှီခြင်တို့ကြောင့် ၁၀နှစ်နီးပါး ကြာရပ်ဆိုင်းထားပြီး ယခု ပြန်လည်ဖွင့်လှစ်ခြင်းဟာ MEC ကအမည်ခံပြီး တရုတ်ကို ရောင်းချခြင်းဖြစ်နိုင်ကြောင်း CDM ၀န်ထမ်းတစ်ဦးကပြောသည်။

“သိသလောက်ပြောရရင် ခုစက်ရုံကိုပြန်ပြင်တော့ တရုတ်ချေးငွေနဲ့ဆောက်တယ်။ ထွက်သမျှကုန်ချော ၇၀ ဂရမ်၊ ၈၀ ဂရမ်နဲ့ သတင်းစာစက္ကူတွေကို ငွေချေးပေးတဲ့တရုတ်က တန်ဖိုးသင့်ပြီ ချေးငွေကြေသည်အထိပြန်ယူပြီး ပြည်ပကိုရောင်းပေးတယ်။ စက်ရုံဆောက်ခွင့်ပေးတဲ့အတွက် ငွေပွဲခလည်း ရသွားတယ်လေ”ဟု စက်ရုံ CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

စစ်ခေါင်းဆောင်၏ ဧရာဝတီတိုင်းခရီးစဥ်တွင် ၎င်းကိုယ်တိုင် သာပေါင်းမြို့ကို သြဂုတ်လ ၁၂ ရက်နေ့ကသွားရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သည့် သာပေါင်းသတင်းစာ စက္ကူစက်ရုံသည် စစ်တပ်အာဏာသိမ်းစဥ်က ၀န်ထမ်း ၁၂၀ ကျော် CDM ပြုလုပ်ခဲ့သည့်စက်ရုံဖြစ်ပြီး စစ်ကောင်စီက ၀န်ထမ်းအချို့ကိုဖမ်းဆီးခဲ့ပြီး အသစ်များပြန်လည်ခန့်အပ်ကာ ယခုတရုတ်နှင့် စစ်တပ်ပိုင် MEC ပူးပေါင်းပြီး ပြန်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

#သာပေါင်းမြို့ #စက္ကူစက်ရုံ #MEC #စစ်ကောင်စီတပ် #Ayeyarwaddy_Times