
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဩဂုတ်လ ၁၆ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများဖြစ်ပွား၍ မတူပီ-ဟားခါးလမ်းမကြီး ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ရန် ကြာမြင့်နိုင်သည့်အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်နိုင်ကြောင်း သတင်းရရှိသည်။
တောင်ကျရေကြောင့် မတူပီ-ဟားခါးလမ်းမပေါ်ရှိ လုံလှော်-ခွါငန်း-ဇာကမ်းလမ်းပိုင်းပျက်စီးခြင်းဖြစ်ပြီး အဆိုပါလမ်းပိုင်းအား ပြန်လည်ပြုပြင်ရန် အချိန်ကြာမြင့်နိုင်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) ထံက သီရသည်။
“ကျွန်တော်တို့အနေနဲ့တော့ တတ်နိုင်သမျှတော့ ပြုပြင်နေပါတယ်။ ကားလမ်းတွေက ပေလေးဆယ်လောက်ကို ပျက်စီးသွားတယ်ဆိုတော့ ကုန်ကျစရိတ်က သိန်းရာချီးလောက်ကုန်မယ့် အခြေအနေမျိုးဖြစ်နေတော့ ပြန်လည်ပြုပြင်တဲ့အပိုင်းမှာ အခက်အခဲတော့ရှိတယ်။ ဒါပေမယ့် ဆိုင်ကယ်သွားလို့ရမယ့် အဆင့်ကိုတော့ ကျွန်တော်တို့ ပထမဆုံးလုပ်သွားမယ်။ ကားတွေ သွားနိုင်မယ့်အဆင့်ကိုတော့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ ပြုလုပ်ရဦးမယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ပြောရေးဆိုခွင့်ရှိ သူဆလိုင်းနိုင်ဂျွန်ကိမ်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီ-ဟားခါးလမ်းမကြီးပျက်စီးမှုကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)အနေဖြင့် ပြန်လည်ပြင်ရန် စီစဉ်ဆောင်ရွက်မှုအပေါ် ပြုပြင်ပြီးစီးမှုအခြေအနေနှင့်ပတ်သက်၍ အနှေး၊ အမြန်ကို အာမခံချက်မပေးနိုင်ကြောင်းဆိုသည်။
မတူပီမြို့နယ်၊ ဒေသခံများအနေဖြင့် ကုန်စည်စီးဆင်းမှုအတွက် မတူပီ-မင်းတပ်လမ်းနှင့် မတူပီ-ဟားခါးလမ်းကို အဓိကအသုံးပြုနေပြီး လမ်းပျက်စီးမှုအား ပြုပြင်ရန် အချိန်ကြာမြင့်ပါက ဒေသခံပြည်သူများအနေဖြင့် ကြီးမားသည့်အခက်အခဲကြုံတွေ့ရမည်ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
“မင်းတပ်-မတူပီလမ်းကတော့ ကုန်တင်ယာဉ်သွားလာမှု နည်းပါးပြီး ခရီးသည်ယာဉ်သာ အသုံးပြုသွားလာနေတယ်။ မင်းတပ်လမ်းက စစ်မြေပြင်လမ်းလိုဖြစ်နေတော့ သိပ်အဆင်မပြေဘူးပေါ့။ အခုဟားခါးလမ်းကိုပဲ အဓိက အသုံးပြုကြတယ်ဆိုတော့ အခုလိုပျက်စီးတော့ ဒေသခံတွေအတွက်တော့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ စားနပ်ရိက္ခာကအစ (လုံးဝ)ပြတ်တောက်သွားမှာ” ဟု ဆလိုင်းနိုင်ဂျွန်ကိမ်းက ဆက်လက်ပြောဆိုသည်။
လက်ရှိပျက်စီးသွားသော မတူပီ-ဟားခါးလမ်းပိုင်းသည် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ထိန်းချုပ်ထားသော နယ်မြေဖြစ်ပြီး ပြည်သူလူထုများ၏ ထောက်ပံ့မှုဖြင့် တော်လှန်ရေးပြုလုပ်နေသည့်အတွက် လမ်းပြုပြင်ရန် အခက်ကြံနေရခြင်းဖြစ်သည်။
ချင်းပြည်နယ်တွင် တပတ်ခန့်မိုးဆက်လက်ရွာသွန်းပါက ဟားခါး-မတူပီလမ်းရှိ အခြားလမ်းပိုင်းများလည်း တောင်ကျရေကြောင့် ထပ်မံပျက်စီးနိုင်မှုကြောင့် ဒေသခံများအနေဖြင့် ခရီးသွားလာပါက လမ်းခုလတ်တွင် ရက်ရှည်ပိတ်မိနိုင်ပြီး အခက်ကြုံနိုင်သည့်အတွက် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၏ ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးကြရန် ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-မတူပီ-ဟားခါးလမ်းမကြီးပျက်စီးမှု။
#ချင်းပြည်နယ် #မတူပီမြို့နယ် #မတူပီ-ဟားခါးလမ်း #ဆိုးဆိုးရွားရွားပျက်စီး #ပြန်လည်ပြုပြင်ရန်ကြာမြင့်နိုင် #ကုန်စည်စီးဆင်းမှုလည်းပြတ်တောက်နိုင် #Ayeyarwaddy_Times