
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၄ ရက်
ဧရာဝတီတိုင်း ငပုတောမြို့ ငွေသောင်ယံတံတားအနီး၌ စစ်ကောင်စီရေတပ် စစ်သင်္ဘော ဆိုက်ကပ်ရန်အတွက် ဆိပ်ခံတံတားတစ်စင်းတည်ဆောက်ရန်စီစဥ်နေသည့်အတွက် ကမ်းနားတလျှောက်ရှိ အိမ်ခြေ ၂၀၀ ကျော် ကိုဖျက်ပေးရန် ဖိအားပေးလုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။
ပုသိမ်မြို့အခြေစိုက်အမှတ်(၂၆)အကူစစ်ရေယာဉ်အုပ်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိအရာရှိတစ်ဦးနှင့် အခြားဆင့်၁၀ ဦး ဝန်းကျင်ခန့်သည် ငပုတောမြို့ ရှိငွေသောင်ယံတံတားနေရာသို့ ယမန်နေ့ကစပြီး စစ်ရေယာဥ် သင်္ဘောဆိုက်ကပ်ရန်အတွက် ဆိပ်ခံတံတားတည်ဆောက်ရေးအတွက် စီစဥ်နေသည်ဟု ဒေသခံများက ပြောသည်။
“ပုသိမ်ရေတပ်ကအရာရှိတွေအပါအဝင် အများကြီးရောက်လာတယ်။ စစ်သင်္ဘောဆိုက်ကပ်ဖို့ ဆိပ်ခံတံတား အမြန်ဆောက်ဖို့ လာကြတာ ။အခုလောလောဆယ်တော့ ရေတပ်စစ်သားတွေ လာပြီးကင်းစောင့်နေတယ်” ဟု ဒေသခံ တစ်ဦးကပြောသည်။
အချိန် နှစ်ပတ်အတွင်း နေအိမ်များကို ဖယ်ရှားရန် စစ်ကောင်စီရေတပ်မှ နှုတ်ဖြင့် သတိပေး အကြောင်းကြားထားကြောင်း ဒေသခံများကဆိုသည်။
” စာနဲ့တော့မဟုတ်ဘူး။ဒီအတိုင်းသတိလိုက်ပေးတာ။ နှစ်ပတ်အတွင်း ဆိပ်ခံတံတားနဲ့ မလွတ်တဲ့ အိမ်တွေကို ဖယ်ဖို့ရေတပ်တွေလိုက်ပြီးသတိပေးသွားတယ်။ ဒီလိုမိုးရာသီကို ဆိပ်ခံတံတားဆောက်ဖို့ ကတော့မဖြစ်နိုင်လောက်ဘူး။ တမင်တကာ လိုက်ရွှေ့ခိုင်းတာလို့ပဲထင်တယ်” ဟုငွေသောင်ယံတံတား အနီးနေထိုင်သူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီရေတပ်မှ ဆိပ်ခံတံတားတည်ဆောက်ရန် စီစဥ်နေသည့် ငွေသောင်ယံတံတားအနီး၌ အိမ်ခြေ ၂၀၀ ကျော်နှင့် စျေးဆိုင်ပေါင်း ၆၀ ထက်မနည်းရှိကာ လူဦးရေ ၃၀၀၀ ဝန်းကျင်နေထိုင်လျက်ရှိသည်။
ငပုတောမြို့ အနီးကျေးရွာများသို့ စစ်ကောင်စီတပ်အင်အား ၂၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး လှုပ်ရှားမှုများကို ဩဂုတ်ပထမပတ်ကတည်းက လုပ်ဆောင်နေကြောင်းဒေသခံများထံကသိရသည်။
#စစ်သင်္ဘော #ဆိပ်ခံတံတားတည်ဆောက် #ငပုတော #ကမ်းနာ #လူနေအိမ် #ရာချီဖျက်ပေးရန်စစ်ကောင်စီဖိအားပေ
#Ayeyarwaddy_Times