ဧရာဝတီတိုင်းမ်
သြဂုတ် ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တပ်ဦးသီတာရပ်ကွက် အောင်ဘီယာဆိုင်နှင့် ဟောလီးဒေးဗီလာကြား ဗိုလ်ချုပ်လမ်းဘေးရှိ ဂျွိုင်းကော်ဖီဘားဆိုင်အနီးတွင် ယနေ့ သြဂုတ် ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်က အမျိုးသားတစ်ဦး အမှိုက်ရှင်းနေစဥ် မိုင်းတစ်လုံးပေါက်ကွဲ၍ အဆိုပါနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။

သေဆုံးသူမှာ လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ်နေသော ကလေးသုံးယောက်၏ ဖခင်ဖြစ်ပြီး ရုပ်အလောင်းကို စစ်ကောင်စီတပ်က လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

“မနက်အစောကြီး မိုင်းကွဲတဲ့အသံကြားရတယ်။ အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ယောက် ခါးပြတ်ပြီး ရုပ်ပျက်ဆင်းပျက်ကြီးဖြစ်သွားတာဗျ။ ခဏနေတော့ ရုပ်အလောင်းကို စစ်သားတွေလာကောက်သွားတယ်” ဟု တပ်ဦးသီတာရပ်ကွက်ရှိ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုပေါက်ကွဲခဲ့သည့် မိုင်းသည် စစ်ကောင်စီတပ်က ထောင်လေ့ရှိသည့် ထိမိုင်း၊ ကွဲမိုင်းဖြစ်ပြီး မြို့ပြပျောက်ကြားအဖွဲ့ကထောင်လေ့ရှိသည့် မိုင်းမျိုးမဟုတ်ကြောင်း ကလေးမြို့မြို့ပြပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

“ကွဲတဲ့မိုင်းက ထိမိုင်း၊ ကွဲမိုင်းအမျိုးအစားပါ။ ကျွန်တော်တို့ မြို့ပြစစ်ဆင်ရေးတွေ စလုပ်ကတည်းက တစ်ခါမှ ဒီလိုမိုင်းမျိုး မထောင်ခဲ့ဖူးပါဘူး။ ဒီလိုထိမိုင်း၊ ကွဲမိုင်းတွေ မထောင်ခဲ့ကြလို့လည်း စစ်ကောင်စီက လာလာဖြုတ်သွားကြတာ ပြည်သူတွေအသိပါပဲ။ ပြီးခဲ့တဲ့ သြဂုတ် ၁၂ရက်နေ့က စက္ကန့်ရွာထဲကို ရှင်းလင်းရေးဝင်လုပ်တော့ စစ်ကောင်စီတွေထောင်ခဲ့တဲ့ မိုင်းတွေ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မိုင်းဖြုတ်ရဲဘော်တွေက ဖြုတ်ပြီး သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီမနက်ကွဲတဲ့မိုင်းကလည်း အဲ့ဒီမိုင်းအမျိုးအစားမျိုးပါပဲ။ စစ်ကောင်စီအသုံးပြုလေ့ရှိတဲ့ မိုင်းတွေပါ” ဟု ကလေးမြို့ မြို့ပြပျောက်ကြားအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းကို အတည်ပြုပြောကြားသည်။

ကလေးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် လမ်းကြိုလမ်းကြား၊ လမ်းဘေးနေရာများတွင် အထုတ်များ၊ ဖုံးအုပ်ထားသော မသင်္ကာဖွယ်ရာ ပစ္စည်းများတွေ့လျှင် ကောက်ယူကြည့်ရှုခြင်းများ မလုပ်ဘဲဝေးဝေးမှ ရှောင်ရှားကြပါရန် မြို့ပြအဖွဲ့က သတိပေးထားသည်။

ပုံစာ – ကလေးတောင်ပိုင်း၊ စက္ကန့်ကျေးရွာတွင် ကာကွယ်ရေးတပ်များရှင်းလင်းရေး ဝင်လုပ်စဉ် သိမ်းဆည်းရမိသော စစ်ကောင်စီထောင်ခဲ့သည့် ထိမိုင်း၊ ကွဲမိုင်းများ

#ကလေးမြို့ #ဘူတာလမ်းခွဲအနီး #မိုင်းတစ်လုံးပေါက်ကွဲ #အရပ်သားတစ်ဦးသေဆုံး #စစ်ကောင်စီထောင် #ကွဲမိုင်း #ထိမိုင်း #Ayeyarwaddy_Times