
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဩဂုတ်လ ၁၄ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်သို့ စစ်ကြောင်းထိုးရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၂ ရက်နေ့နှင့် ဩဂုတ်လ ၁၃ရက်နေ့များတွင် စစ်တောင်းမြစ် အနောက်ဘက် ကမ်းမှနေ၍ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာ များသို့ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အင်အား ၆၀ ဝန်းကျင်ဖြင့် ဖြူးမြို့နယ် မြက်နီကွင်းရွာသို့ ဩဂုတ်လ ၁၂ ရက်နေ့က ရောက်ရှိလာပြီး ထန်းတပင်မြို့နယ်ရှိ ကွေ့ကြီးရွာ၊ ပိန်ကျော်ရွာ၊ ငါးဆီးလှောင်ရွာများသို့ လက်နက်ကြီး ခြောက် လုံးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ရာ ငါး လုံး ပေါက်ကွဲခဲ့ကာ ငါးဆီးလှောင်ရွာမှ ဒေသခံ ဦးဝင်းလွင် ၅၉ နှစ်၏ ပေါင်တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီက သတင်းကြားတဲ့နေရာလိုက်ပိတ်၊ လိုက်ကာပြီး လှုပ်ရှားမှုလုပ်နေတာပါ။ သူတို့လက်နက်ကြီး ခြောက်လုံးပစ်ပြီးနောက် ကျွန်တော်တို့ဘက်က ဒရုန်းတစ်လုံးသွား ချလိုက်တာ အကုန်ပြန်ထွက်ပြေးသွားတယ်။ ဩဂုတ်လ ၁၂ ရက်ကတစ်ကြိမ်၊ ၁၃ ရက်မှာတစ်ကြိမ်ထပ်လာပစ်တယ်။ ဒီတစ်ခေါက်မှာလဲ ဒရုန်းတစ်လုံးသွားချလိုက်တာ ပြန်ဆုတ်သွားတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၅၀ ဝန်းကျင်ဖြင့် ကြူအင်းရွာ စာသင်ကျောင်းနောက်မှ လက်နက်ကြီး ၁၀ လုံးဝန်းကျင်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ဖြူးမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ ကျေးရွာများသို့ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း ကြာအင်းရွာသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ကြာအင်းရွာရှိ နေအိမ်အလုံး ၃၀ ကျော်ကိုမီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံ ခုနစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။
ဓာတ်ပုံ – ပေးပို့
#ဖြူး #ထန်းတပင် #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times