
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၃ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က ကျွန်းချောင်းရွာနေ ဒေသခံနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး စီးလာသည့် ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒေါ်ဟွေးအီယာန် အသက် (၅၀) နှစ်ခန့် နှင့် ကိုစမူအဲလ် အသက် (၃၀) နှစ်ခန့် တို့သည် ကလေးမြို့တွင် ဆေးခန်းပြရန်အတွက် စက္ကန့်ကျေးရွာကို အဖြတ်တွင် အဆိုပါ ကျေးရွာကို မီးတင်ရှို့နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်၍ အလောင်းကို မီးရှို့ထားခဲ့ကာ ၎င်းတို့မောင်းနှင်လာသော ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။
“စက္ကန့်ရွာထဲဝင်တယ်။ မီးရှို့တယ်။ လက်နက်ကြီးနဲ့လည်း တရစပ်ထုတယ်။ မြို့ထဲကို ဆေးခန်းလာပြတဲ့ အရပ်သား နှစ်ဦးကိုလည်း မီးရှို့လိုက်ကြတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ဒါပေမယ့် လူပျောက် လာတိုင်ထားတဲ့ မိသားစုဝင်တွေရဲ့ ပြောပြချက်တွေနဲ့ တိုက်ကြည့်လိုက်တော့ သေဆုံးသူတွေဟာ ဒေါ်ဟွေးအီယာန်နဲ့ ကိုစမူအဲလ်တွေဆိုတာ ကျွန်တော်တို့ အတည်ပြုလို့ရပါတယ်” ဟု ဒေသခံကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကလေးမြို့ တောင်ပိုင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် သြဂုတ် ၁၀ရက်နေ့မှစ၍ စက္ကန့်ရွာနှင့် အင်ဒိုင်းကုန်းရွာတွင် တပ်စွဲကာ ဒေသခံကာ ကွယ်ရေးတပ်များနှင့် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း အထိနာလာ၍ အရပ်သားနေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားများကို ရန်ပြု သတ်ဖြတ်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့လှရွာသား ၁၅ဦးခန့်ကိုလည်း သြဂုတ် ၁၁ ရက်နေ့တွင် ဖမ်းဆီးသွားပြီး သြဂုတ် ၁၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ပြန်မလွတ်ဘဲ ကျန်ရှိနေသူများနေသေးကြောင်း မြို့လှရွာ အကြီးအကဲထံက သိရသည်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူများအနက် အသက် ၁၃ နှစ်အရွယ်ရှိ မြို့လှဒေသခံ မမားဆောမ်းထားရီးကို ပြန်လွှတ်ပေးခြင်းမရှိသည့်အပြင် အဖမ်းခံရသည့် အကြောင်း အရင်းကိုမူ သိရှိရခြင်းမရှိပေ။ ထို့ပြင် အသက် ၁၆ နှစ်အရွယ် မလားလောမ်ပွီးရီး သည်လည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် ကျည်ဆံထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေကြောင်း ဒေသသတင်းရင်း မြစ်များထံက သိရသည်။
လက်ရှိအခြေအနေအရ ကလေးမြို့တောင်ပိုင်းတွင် စစ်ရေးတင်းမာနေပြီး ကလေးမြို့ထဲတွင်လည်း ယခုရက်ပိုင်းအတွင်း သေနတ်သံ၊ လက်နက်ကြီးသံများ တရစပ်ကြားနေရကြောင်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ် သတင်းဌာနကို ပြောကြားသည်။
ပုံစာ – စစ်ကောင်စီတပ်၏ မီးရှို့သတ်ဖြတ်ခြင်းခံရသည့်ကျွန်းချောင်းရွာသားနှစ်ဦး
#ကလေးမြို့တောင်ပိုင်း #ကျွန်းချောင်းရွာသားနှစ်ဦး #စစ်ကောင်စီတပ်မီးရှို့သတ် #ဒေသခံနေအိမ်များ #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times