ဧရာဝတီတိုင်းမ်
(ချင်း)၊ ဩဂုတ် ၁၁ ရက်

အာဏာသိမ်း စစ်ကောင်စီက ကျပ်ငွေနှစ်သောင်းတန် ထုတ်ဝေပြီးနောက် မြန်မာ ကျပ်ငွေတန်ဖိုးကျဆင်းခဲ့ပြီး ချင်း-မီဇိုးရမ်နယ်စပ်တွင် အိန္ဒယငွေ တစ်ရူပီးလျှင် မြန်မာငွေ ၃၈ ကျပ်အထိပေးချေလဲလှယ်နေရကြောင်း ငွေလဲကိုယ်စားလှယ်များထံက သိရသည်။

စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန်မထုတ်ဝေမီက တစ်ရူပီးလျှင် မြန်မာငွေ ၃၀ ကျပ်ဖြင့် လဲလှယ်ရာမှ ကျပ်နှစ်သောင်းတန်ထုတ်ဝေမည်ဟု ယခင်၊ ဇူလိုင်လက ကြေညာ ပြီးနောက် မြန်မာငွေတန်ဖိုးဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“လောလောဆယ်တော့ နှစ်သောင်းတန်တွေ လာလဲရင် လက်မခံသေးဘူး။ ဒီနယ်စပ်မှာ သုံးဖို့လည်း အဆင်မပြေသေးဘူး။ ဒါပေမယ့် နှစ်သောင်းတန် ကြောင့် ငွေလဲလှယ်နှုန်းက သိသိသာသာမြင့် တက်လာတယ်။ စစ်ကောင်စီက ထုတ်ဝေ မယ်လို့ကြေညာတဲ့အချိန်မှာ ၁ ရူပီးကို ကျပ်ငွေ ၃၅ကျပ်၊ ၃၆ကျပ် အထိ မြင့်တက်လာတယ်။ တကယ်တမ်းထွက်လာတဲ့အချိန်မှာ တစ်ရူပီးကို ၃၈ကျပ် ၊ ၃၉ ကျပ်အထိ နေ့ချင်း၊ ညချင်း ထပ်မံမြင့်တက်သွားတာပါ။ အခုချိန်ထိတော့ ငွေလဲလှယ်နှုန်းက မတည်ငြိမ်သေးဘူး။ မြင့်တက်ဖို့ပဲ အလားအလာရှိနေတယ်”ဟု နယ်စပ်ဒေသတွင် ငွေလဲလှယ်နေသူအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဩဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်ရူပီးလျှင် ကျပ်ငွေ ၂၅ ဒသမ ၃၆ ကျပ်ဟု ဖော်ပြထားပြီး နယ်စပ်ဒေသတွင် ပြင်ပပေါက်ဈေး ၃၈ကျပ်မှ ၃၉ ကျပ်အထိမြင့်တက်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအတွင်း အိန္ဒိငွေ တစ်ရူပီးလျှင် မြန်မာကျပ်ငွေ ၁၄ ကျပ်ဝန်းကျင်သာ လဲလှယ်နေရကြောင်းသိရသည်။

Photo-ရူပီးငွေ

#စစ်ကောင်စီ #ကျပ်နှစ်သောင်းတန်ထုတ်ဝေ #အိန္ဒိယမြန်မာနယ်စပ် #အိန္ဒိယငွေတစ်ရူပီး #မြန်မာငွေ၃၈ကျပ် #စျေးမြင့်တက် #Ayeyarwaddy_Times