ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အ၀င်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဂိတ်စခန်းကို ပုဂံပြည်ဘီလူးတပ် နှင့် မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့များက ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပုဂံပြည်ဘီလူးတပ် နှင့် မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိစစ် ဗိုလ်တစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ ကြောင်း ပုဂံပြည်ဘီလူးတပ်ဖွဲ့ခေါင်းဆောင် ထံက သိရသည်။

“မနေ့က စစ်ကြောင်းထိုးနေချိန် အဲဒီဂိတ်ကို သွားပစ်တာပါ။ စစ်ကြောင်းထိုးနေတော့ ကျွန်တော်တို့မလာ လောက်ဘူးထင်ပြီး လုံခြုံရေးပေါ့နေတာပေါ့။ (စစ်ကောင်စီတပ်) အရာရှိ တစ်ကောင်က ဘန်ကာအပြင်ထွက် ဖုန်းဆက်နေတာ။ ဘန်ကာထဲ လေးကောင် လောက်ပဲ ရှိတယ်။ ကျွန်တော်တို့ နှစ်ဖက်ပိတ်ပစ်တာ ။ ဖုန်းဆက်နေတဲ့ကောင် လဲကျသွားပြီး ဘန်ကာထဲက ကောင်တွေပါလဲကုန်တာ”ဟု ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force PDF)အဖွဲ့ခေါင်းဆောင် ကိုဇီးကွက်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာဖြစ်ပွားခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့ဘက် မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအ၀င် ကျန်သုံး ဦးလည်း သေဆုံးနိုင်ကြောင်း ကိုဇီးကွက်က ဆိုသည်။

စစ်ကောင်စီတပ် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ရမခ (၇၀၂)၊ (၇၀၈)တပ်ရင်းများသည် ယမန်နေ့ ဩဂုတ်လ ၉ နေ့က ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုး၀င်ရောက်နေစဉ် အလစ် အငိုက်သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့အဝင်ရှိ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့ပေါ် ရပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသန်းပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-ပုဂံပြည်ဘီလူးတပ်ဖွဲဝင်များ

#စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီဂိတ် #တိုက်ခိုက်ခံရ #အရာရှိစစ်ဗိုလ်သေဆုံး #ပုဂံပြည်ဘီလူးတပ် #Ayeyarwaddy_Times