
ဧရာဝတီတိုင်းမ်
(ဖြူး)၊ ဩဂုတ်လ ၁၀ ရက်
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကြာအင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ နှစ်ရက်တိုင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် ကြာအင်းရွာရှိနေအိမ်များကို မီးရှို့ခဲ့ပြီး ဒေသခံ ခုနစ်ဦး ကိုသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
နှစ်ရက်တာထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ တုန်းတော ခမရ-၅၉၉ တပ်ရင်း နှင့် ကညွတ်ကွင်း ခမရ-၄၃၉ တပ်ရင်းတို့မှ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ဒေသခံနေအိမ် ခုနစ် လုံးကိုမီးရှို့ဖျက်ဆီးခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်သည် ဦးမြင့်စိုး(၆၅နှစ်)၊ ဦးကျော်ဇင်(၄၃နှစ်)၊ ဦးဝင်းစိုး (၄၇နှစ်)နှင့် ပြည်သူတစ်ဦး(အမည်မသိရသေး) တို့ကိုဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး သတ်ဖြတ် ခံရသူဒေသခံ ခုနစ် ဦးထိရှိပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံက သိရသည်။
“လောလောဆယ်တော့ ရွာသား ခုနစ် ယောက် အသတ်ခံရတယ်လို့သိထားရတယ်။ ရွာသား ခြောက်ယောက်ကိုလည်လှီး သတ်ထားပြီး တစ်ယောက်ကိုမီးရှို့သတ်ထားလို့ ထပ်ပြီး သိရတယ်။ ဒါပေမဲ့မြေပြင်မှာသွားပြီးတော့ မကြည့်နိုင်သေးတဲ့အတွက် သေချာ မပြောနိုင်သေးဘူး” ဟု မြေပြင်ရှိတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဖြူး-အုတ်ဖြတ်လမ်းပိုင်းမှ ဆင်းလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဩဂုတ်လ ၈ ရက်နေ့တွင် အထက်ကြာအင်းရွာအတွင်း တပ်စွဲထားပြီး အောက်ကြာအင်းရွာသို့ ထိုးစစ် ဆင်ရန်ကြိုးစားနေစဉ် ရိုးမစစ်ကြောင်း(၁) နှင့် ထိတွေ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ကြာအင်းရွာကို ထိုးစစ်ဆင်လာတဲ့တပ်တွေမှာ ချင်းဘက်ကတပ်တွေပါပါလာတယ်။ အင်အားတော့တော်တော်များတယ် ၂၀၀ နီးပါးလောက်ရှိမယ်။ ရန်သူကတော့ လက်နက် ကြီးတွေ တော်တော်သုံးနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အထက်ကြာအင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် ထပ်မံ၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားသော်လည်း အင်အားသာလွန်နေသည့်အတွက် တော်လှန်ရေး တပ်ဖွဲ့ များမှာ ဘန်လောင်ရွာဘက်သို့ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့တွင်ပင် ကြာအင်းရွာတိုက်ပွဲကို လက်နက်ကြီးပစ်ကူပေးနေသည့် အုတ်ဖြတ်ကျေးရွာရှိ လက်နက်ကြီးများကို ဒရုန်းဖြင့်သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့။
#ဖြူးမြို့နယ် #ကြာအင်းတိုက်ပွဲ #စစ်ကောင်စီတပ် #ဒေသခံ၇ဦးသတ်ဖြတ် #Ayeyarwaddy_Times