ဧရာဝတီတိုင်းမ်

(ပလက်ဝ)၊ ဩဂုတ်လ ၁၀ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်၍ မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံဖြစ်ပြီး မြေပြိုမှုများဖြစ်ပွားကာ လူနေအိမ် ၁၀ လုံးကျော်ပျက်စီးသွားကြောင်းသိရသည်။

ပလက်ဝမြို့၊ စိုက်ပျိုးရေးကွင်းတွင် နေထိုင်ကြသော စစ်ရှောင်ဒေသခံ ၅၀၀ ခန့်လည်း ဘေးလွတ်ရာသို့ အရေးပေါ်နေရာပြောင်းရွှေ့ခဲ့ရပြီး စားနပ်ရိက္ခများနှင့် ဆေးဝါးများနှင့် အဝတ်အထည်များလိုအပ်နေကြောင်း သိရသည်။

“အရင်က မိုခါနောက်ဆက်တွဲဆိုတော့ ရေကြီး၊ ရေလျှံထပ်ဖြစ်တော့ ပိုပြီးခက်ခဲသွားတယ်ပေါ့နော်။ နေရေးထိုင်ရေးကတော့ အရင်ကလည်း ခက်ခဲတယ်။ စစ်ဘေးရှောင်တွေက အများအားဖြင့် ဝါးနဲ့ပဲ အမိုးအကာလုပ်ကြတာဆိုတော့ ရေကြီးတာနဲ့ အကုန်ပါသွားတယ်။ ဆမီးမြို့ဘက်မှာလည်း ရေကြီး၊ ရေလျှံဖြစ်ပြီးတော့ မြေပြိုမှုတွေကြောင့် လူနေအိမ်တချို့ပျက်စီးပျက်စီးတယ်လို့ သိရတယ်။ ဆက်သွယ်ရေးအရမ်းခက်ခဲနေတော့ သတင်းအချက်အလက် အသေးစိတ်မသိရသေးဘူး” ဟု ပလက်ဝမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဆလိုင်းမျိုးထိုက်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

ပလက်ဝမြို့၊ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်းပန်းခြံရှိ အဆောက်အအုံ၊ ဘာသာရေးအဆောက်အအုံနှင့် အခြားဘေးလွတ်ရာနေရာများတွင် ရေဘေးသင့်ဒေသခံများက ခိုလှုံနေကြကြောင်းသိရပြီး ပလက်ဝမြို့၊ ခရစ်ယာန်လူမှုကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးကော်မတီက ရေဘေးသင့်ပြည်သူများအတွက် အလှူခံထားကြောင်းသိရသည်။

ဓာတ်ပုံ-Photo-ပလက်ဝမြို့နယ်တွင် မြေပြိုမှုကြောင့် ပျက်စီးသွားသော နေအိမ်များ

#ချင်းပြည်နယ် #ပလက်ဝမြို့နယ် #မိုးသည်းထန်စွာရွာသွန်း #ရေကြီးရေလျှံဖြစ် #မြေပြိုမှုဖြစ်ပွား #လူနေအိမ်၁၀လုံးကျော်ပျက်စီး #Ayeyarwaddy_Times