
ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၁၀ ရက်
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် စစ်ကောင်စီတပ်က ကမ်းရိုးတန်းစစ်ဌာနချုပ်(ကရခ) ဒုတိုင်းမှူးနှင့် အတူ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်-၂၀ (စကခ-၂၀) တပ်မမှူးနှင့် လုံနယ်၀န်ကြီးတို့ကို ရာထူးမှဖယ်ရှား၍ ၎င်းတို့နေရာကို အစားထိုး ခန့်အပ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
စစ်ကောင်စီ၏ နေပြည်တော်အထူးစစ်ဆေးရအဖွဲ့သည် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်က ကရခဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ စကခ-၂၀ တပ်မမှူး ဗိုလ်မှူးချုပ်၀င်းကျော်သူနှင့် တနင်္သာရီတိုင်း လုံခြုံရေးနဲ့နယ်စပ်ရေးရာ၀န်ကြီး (လုံ/နယ်)၀န်ကြီးဗိုလ်မှူးကြီး သိန်းလင်း တို့ကို လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်၍ နေအိမ်နှင့်ပိုင်ဆိုင်မှု များကိုပါ ချိပ်ပိတ်ခဲ့ပြီး ယခုအခါတွင် ရာထူးကပါ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ကမ်းရိုးတန်းဒုတိုင်းမှူးနေရာကို စစ်ဗျူဟာဌာနချုပ်က ဗိုလ်မှူးကြီးအောင်မျိုးထွန်းကို အစားထိုးခန့်အပ်ပြီး စကခ(၂၀)စကခမှူး ၀င်းကျော်သူနေရာကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)မှ ဗိုလ်မှူးကြီးဇေယျာလင်းနှင့် ပြောင်းလဲခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လုံနယ်၀န်ကြီးဗိုလ်မှူးကြီးသိန်းလင်းနေရာတွင် စစ်တက္ကသိုလ်(စတသ)မှ ဗိုလ်မှူးကြီးမင်းမင်းလတ်ကိုလုံနယ်၀န်ကြီးအဖြစ် အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးစစ်ဆေးခံရသည့် အဆိုပါဒုတိုင်းမှူး၊ စကခတပ်မမှူးနှင့် လုံနယ်၀န်ကြီးတို့သည် အရန်အင်အားသို့ ပို့ဆောင်ခံရနိုင်ပြီး လက်ရှိတွင်မူ ၎င်းတို့၏ သတင်းများကို ကြားသိရခြင်းမရှိဘဲ အစပျောက်နေကြောင်း သိရသည်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အောက်ရှိ ကော့သောင်း၊ ခမောက်ကြီး အခြေစိုက် စကခ -၂၀ လက်အောက်တွင် ခမရ (၅၉၂)(၂၆၂/၄၃၁/ ၄၃၂/၂၈၂/၅၈၄/ ၅၈၂ / ၅၉၅/၅၉၆/၅၉၇) စသည့် တပ်ရင်းများပါဝင်ပြီး တပ်ရင်း ၁၀ ခုအထိရှိနေကြောင်းလည်းသိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလအတွင်း၌ ကစထမှူး၊ ညွှန်မှူးချုပ်နှင့် တိုင်းမှူးများကို ပြောင်းရွှေ့ခြင်း၊ ရာထူးမှဖယ်ရှားခြင်းများ ပြုလုပ်ကာ အရန်အင်အားသို့ ပို့ဆောင်မှုများလုပ်ဆောင်ခဲ့ သည့်အပြင် တိုင်းမှူးများ၏ ဇနီးများကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်နေ ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက အရန်အင်အားတွင် ရှိနေသည့် ဗိုလ်ချုပ်အဆင့်မှ ဗိုလ်မှူးကြီး အဆင့်ထိ စစ်ကောင်စီတပ်အရာရှိ ၆၁ ဦးကို အနားပေးခဲ့ သည်။
ပုံစာ- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးကာစ ကမ်းရိုးတန်းဒေ တိုင်းစစ်ဌာနချုပ်ရှိ တပ်မိသားစုဝင်များနှင့်တွေ့ဆုံစဉ် (၂၀၂၁ခုနှစ် မတ်လ၂၀)
#ဖမ်းဆီးစစ်ဆေး #ကမ်းရိုးတန်းစစ်ဌာနချုပ်ဒုတိုင်းမှူး #စကခ၂၀တပ်မမှူး #လုံနယ်၀န်ကြီး #အစားထိုးခန့်အပ်မှုများပြုလုပ် #Ayeyarwaddy_Times