
ဟိန်းစံ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပိတောက်ချောင်း၊ (၂)ရပ်ကွက် ၊ ဘုရင့်နောင် (၉)လမ်းမှာ ဒီကနေ့မနက်၉ နာရီခွဲ ဝန်းကျင် က စစ်ကောင်စီတပ်အရာရှိ ၁ ဦးနဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်အရာရှိသေ ဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရတဲ့ ဗိုလ်ကြီးဟာ နေပြည်တော်ကောင်စီနယ် မြေ၊ တပ်ကုန်းမြို့အခြေစိုက် အမှတ် ၄ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၄)တပ်ကဗိုလ်ကြီးအောင်နိုင်ဖြိုး နှင့် သူ၏ဇနီးမဂျူးဂျူးအောင်တို့ဖြစ်ပြီး မရမ်းကုန်းမြို့ နယ်က အမှတ် ၃ တပ်မတော်အကြီးစားစက်ရုံ(တကစ ၃)မှာ ယာယီတာဝန်လာရောက်နေစဥ် လှိုင်မြို့နယ်အတွင်းမှာပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
” သူက အရင်က အောင်လံမြို့နယ် ကပစ ၁၅ က အဲ့ဒီကနေ တပ်ကုန်း ကပစ ၄ ကို ၂၀၁၉ လောက်ကပြောင်းသွားတာ။ သူက ဒီချော်တွင်းကုန်း တကစ ၃ တပ်မှာ ယာယီတာဝန်နဲ့တွဲဘက်ရောက်နေတာလို့သိရတယ်။ သူက ရန်ကုန်သူနဲ့ညားတာ၊ သူ့မိန်းမက ဘောစိ။ သူ့အဖေကနတ်မောက်၊ရွာမွန်ဘက်မှာ ဘုန်းကြီးဝတ်နေတာ” လို့ သူနဲ့နီး စပ်တဲ့စစ်ဘက်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ် ဗိုလ်ကြီးလင်မယားပစ်ခတ်ခံခဲ့ရလို့ ဗိုလ်ကြီးအောင်နိုင်ဖြိုးဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး သူ့ဇနီး မဂျုးဂျူးအောင်ကိုတော့ မင်္ဂလာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံမှာကုသနေပြီးသေဆုံးမှုရှိ၊မရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဗိုလ်ကြီး အောင်နိုင်ဖြိုးဟာ စစ်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဥ် ၁၁ဆင်း အရာရှိတဦးဖြစ်ပြီး ဗိုလ်မှူး အဆင့်တိုးမြှင့်ရရှိခါနီးတဲ့ အပတ်စဥ်ဖြစ်ကာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကို ရန်ကုန်မြို့ပြပြောက်ကျား Anomynous Urban Guerrillas အဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ မဂျူးဂျူးအောင်ကိုတော့ ရည်ရွယ် ချက်မရှိဘဲပစ်ခတ်ခဲ့ရတာလို့ဆိုပါတယ်။
” သူတို့က ကားပေါ်မှာ ဝင်ပစ်တဲ့အချိန်၊ သူ့မိန်းမကအဲ့ဒီဗိုလ်ကြီးကို ကာပြီးဖက်လိုက်လို့သူ့ကိုပါပစ်ခဲ့လိုက်ရတာ၊ရည်ရွယ်ချက်ရှိရှိပစ်ခဲ့တာတော့မဟူတ်ပါဘူး” လို့ အဲ့ဒီပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။