
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊သြဂုတ်လ ၉ ရက်
တနင်္သာရီ တိုင်း၊လောင်းလုံးမြို့နယ်တွင် ရှစ်လေးလုံးအထိမ်းအမှတ်ပြုလုပ်နေသည့် နေရာသို့ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကား နှစ်စီးကို ယမန်နေ့ သြဂုတ်လ ၈ ရက် နံနက်ပိုင်းတွင် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့(Guerrilla Dawei) နှင့် ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT) တို့က စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး ရဲဘော်များသည် ယမန်နေ့ သြဂုတ်လ ၈ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က လောင်းလုံးမြို့ပေါ်ရှိ မိုးလေဝသ ရုံးအနီး ကားလမ်းပေါ်တွင် ရှစ်လေးလုံး လူထုအရေးတော်ပုံအထိမ်းအမှတ်အဖြစ် “၈၈၈၈” စာသားကို ရေးဆွဲ၍ ကားတာယာ အဟောင်းများ မီးရှို့နေ့စဥ် လောင်းလုံးရဲစခန်းမှ စစ်ကောင်စီတပ်ကား နှစ် စီး ရောက်ရှိ လာ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ကြာ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
“ဒီနေ့ မှာ ဒီလိုလှုပ်ရှားရင် သူတို့(စစ်ကောင်စီတပ်) ရောက်လာမယ်ဆိုတာ ကျွန်တော်တို့ သိနေတယ်လေ။ ဒါကြောင့် အသင့်စောင့်ကြို ပစ်ခတ်ခဲ့တယ်။ ပြီးမှမိုင်းနဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်” ဟု Guerrilla Dawei မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိသော်လည်း အသေးစိတ် ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ပစ်ခတ် မှုဖြစ်ပွားသည့်နေရာသို့ အင်အားထပ်မံ ဖြည့်တင်း၍ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dawei Defense Team -DDT တပ်ခွဲ (၃) နှင့် Guerrilla Dawei-ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ-Guerrilla Dawei
#လောင်းလုံး #ရှစ်လေးလုံးအထိမ်းအမှတ် #ကင်းလှည့်စစ်ကောင်စီတပ် #ကား၂စီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက် #GuerrillaDawei #DDT #Ayeyarwaddy_Times