ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေတွင် သြဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲများမှ ဟိုတယ်တစ်လုံးတွင် တည်းခိုနေသော လူငယ်တစ်ဦးကို ၀င်ရောက်ဖမ်းဆီးရှာဖွေရာမှ WY ဆေးပြားအနည်းငယ်ကို သိမ်းဆည်း ရမိကြောင်း သိရှရသည်။
ချောင်းသာကမ်းခြေတွင် မူးယစ်ဆေးဝါးများကိုရောင်းချနေသည်မှာ နေရာစုံရှိနေပြီး ယခုဖြစ်စဥ်မှာ ၀ယ်ယူသုံးစွဲသူတစ်ဦးကို သာအဖမ်းပြခြင်းသာဖြစ်ကြောင်း ဒေသခံများမှပြောသည်။
“အထက်စီမံချက်နဲ့ ဖမ်းခိုင်းလိုက်တာ၊
ရောင်းတဲ့လူက သူတို့ဆီက၀ယ်ပြီးသုံးတဲ့တစ်ယောက်လောက် ညွှန်လိုက်တာ။ အဲ့တစ်ယောက်မိရင် ဘယ်က၀ယ်လဲ၊ ဆက်ဖမ်းတာမျိုးမကြားဘူးပါဘူး။ အကြီးကြီးရောင်းနေတဲ့လူတွေ အများကြီး တစ်ခါမှမဖမ်းဘူး”ဟု ရဲတပ်ဖွဲ့၀င်အငြိမ်းစားတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
ချောင်းသာကမ်းခြေဒေသသည် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည့်များ ဝင်ရောက်မှုများပြားသည့် ဒေသဖြစ်သဖြင့် လုပ်ငန်းပေါင်းစုံရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့နှင့်ညှိကာ လောင်းကစားနှင့် မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ကိုင်သူများ ပိုမိုများပြားလာသည်ဟု ဒေသခံများမှ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်ချက်များလာတာကြောင့် မူးယစ်ဆေးဝါးရောင်းချမှုနှင့် ငွေတုရောင်းချခြင်းလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးမှုလျော့နည်းလာကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။