ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၉ ရက်
ရာထူးအဖြုတ်ခံခဲ့ရသည့်အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးနေရာ အစားထိုးခန့်အပ်ခံရသည့် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးမင်းမှာ စိတ်ဖိစီးမှုများကာ အိပ်မပျော်သဖြင့် အိပ်ဆေးသောက် အိပ်စက်နေရကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။
“ဗိုလ်ချုပ် မြတ်သက်ဦး ပြုတ်သွားပြီးတဲ့နောက် တိုင်းမှူးသစ်က ဗိုလ်မှူးချုပ် စိုးမင်း ဖြစ်လာတယ်။ ရှေ့မှာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နဲ့ ဗိုလ်ချုပ် မြတ်သက်ဦးတို့က အဖြုတ်ခံထားရတော့ သူ့ကိုလည်း ရာထူးက ဖြုတ်မှာ တော်တော်ကိုကြောက်နေတာ။ သူက စိတ်ဖိစီးမှုတွေများပြီး ညဘက်တွေ အိပ်မပျော်လို့ အိပ်ဆေးသောက်ပြီး အိပ်နေရတယ်”ဟု မော်လမြိုင်မြို့မှ စစ်ကောင်စီထိပ်တန်းအရာရှိများနှင့် နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေစိုက်ပြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို စစ်ရေးအရကွပ်ကဲရသည့်စစ်ဌာနချုပ် ဖြစ်သည်။ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ၂၀၂၂ ခုနှစ် ဩဂုတ်လက အရှေတောင်တိုင်း စစ်ဌာနချုပ် (ရတခ) သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။
ရတခတိုင်းမှူးဖြစ်လာသည့် ဗိုလ်ချုပ် မြတ်သက်ဦးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ မတ်လတွင် တိုင်းမှူးရာထူးမှ အနားပေးခံရပြီး ဗိုလ်ချုပ်ရာထူးမှလည်း အဖြုတ်ခံခဲ့ရသည်။ ယင်းနောက် ဗိုလ်ချုပ်ဟောင်း မြတ်သက်ဦးမှာ လူမြင်ကွင်းမှ လအတန်ကြာပျောက်ကွယ်နေခဲ့ပြီး ပြီးခဲ့သည့် ဇွန်လတွင် ၎င်းအား လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
စစ်ခေါင်းဆောင်က ဗိုလ်ချုပ် မြတ်သက်ဦးကို ရာထူးမှထုတ်ပယ်ပြီးနောက် ၎င်း၏နေရာတွင် အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းကို ရတခတိုင်းမှူးအဖြစ် စစ်ခေါင်းဆောင်က တာဝန်ပေးအပ်ခဲ့သည်။
“အခုက ကရင်ပြည်နယ်ဘက်ခြမ်းမှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေထိမ်းချုပ်ဖို့ ကြိုးစားလာတယ်။ စစ်ရေးခြိမ်းခြောက်မှုတွေပါ ပိုပြီးလုပ်လာနိုင်တယ်။ အဲတော့ ဒီဒေသကို ကွပ်ကဲရတဲ့တိုင်းမှူးက ရလဒ် မကောင်းရင် ပြုတ်မှာပဲလေ။ ရှေ့ကလူတွေလည်း ပြုတ်ထားတော့ သူလည်းပြုတ်မှာကို တွေးကြောက်နေတာ ဖြစ်မယ်”ဟု ကရင်ပြည်နယ်အတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် PDF စစ်ကြောင်းတစ်ခုမှ ဦးဆောင်သူက ပြောသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်တွင် အမှတ် (၂၂) နှင့် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်နှစ်ခု၊ အမှတ်(၁၂) နှင့် အမှတ် (၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှစ်ခု တည်ရှိသည်။ စစ်အင်အားအနေဖြင့် အခြေချ စစ်ဗျူဟာ (၄) ခု၊ လှုပ်ရှား စစ်ဗျူဟာ (၃)ခုနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။
ကရင်ပြည်နယ်၌ စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များအကြား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့တွင် တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ယင်းကာလနောက်ပိုင်း နှစ်ဘက် တိုက်ပွဲများ ဆက်တိုက်ဆိုသလိုအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်ရှိကာလတွင် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA တပ်၊ ကော့သူးလေတပ်မတော် – KTLA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ မြေပြင်စစ်ဆင်ရေး၊ ဒရုန်းစစ်ဆင်ရေးတိုက်ခိုက်မှုများပြုလုပ်နေသဖြင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များပြားနေကြောင်း သိရသည်။
ပုံစာ – အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ပြုလုပ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အခမ်းအနား (ဓာတ်ပုံ – MRTV)