ဧရာ၀တီတိုင်းမ်
ဩဂုတ်လ ၆ ရက်
စစ်ကောင်စီတပ်မှ တပ်အရန်အင်အားသို့ ပို့ဆောင်မည့်သူ အများအပြားရှိနေ၍ အရန်အင်အားကိုရောက်နေသည့် ဗိုလ်ချုပ် မှ ဗိုလ်မှူးကြီး အဆင့်အပါအ၀င် အရာရှိ ၆၁ ဦးကို အနားပေးလိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
အနားပေးခံရသူများတွင် ဗိုလ်မှူးကြီး အဆင့်ရှိသူအများဆုံးဖြစ်ပြီး ဗိုလ်ချုပ် အဆင့်ရှိအရာရှိများနှင့် ဗိုလ်မှူးချုပ် အားလုံး ၆၁ ဦးကို စစ်ကောင်စီတပ်မှ အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗိုလ်မှူးကြီးတွေ အတော်များတယ်။ အငြိမ်းစားပေးခံရတာပေါ့။ အရန်အင်အား ပို့ခံရတယ်‌ ဆိုတာကလည်း ရာထူးနေရာကနေ အနားပေးခံရတာနဲ့ အတူတူပါပဲ။ ရာထူးကြီးကြီးတွေကြတော့ ဖြုတ်ပစ်လို့မရဘူးလေ။ ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့ လုပ်မရတဲ့ နေရာဖြစ်တဲ့ အရန်အင်အားကို ပို့တာပေါ့”ဟု စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့အနားပေးရာတွင် ယခင် တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး ပါ၀င်ကြောင်း သိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးပေ။
တပ်အရန်အင်အားသို့ ထပ်မံရောက်ရှိလာမည့်သူများထဲတွင် လတ်တလော ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် စစ်တိုင်းမှူးများ ပါ၀င်နိုင်ကြောင်း တပ်တွင်း သတင်းရင်းမြစ် ထံက သိရသည်။
“အချို့တွေကို အရန်အင်အားပို့တယ်ဆိုတာ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန တွေကို အပို့ခံရတာကို ပြောတာပါ။ လက်အောက်ခံတပ် ကိုယ်စားပြုတပ်မရှိ တော့တာကိုပြောတာ။ ခုထပ်ရောက်တဲ့သူတွေထဲမှ မပခတိုင်းမှူးနဲ့ တပ်ရင်းမှူး‌တွေ အများဆုံးရောက်မယ်လို့သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် အဓမ္မ အာဏာသိမ်းယူပြီးနောက် စစ်တပ်တွင်းရှိ အရာရှိများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ ရာထူးမှဖယ်ရှားခြင်းများကို မကြာခဏဆိုသလို ပြုလုပ်ခဲ့သည်။
ပုံစာ-အရပ်သားအစိုးရ NLDလက်ထက်တွင် လွှတ်တော်တက်ရောက်လာသည့် တပ်မတော်သားကိုယ်စားလှယ်များ