ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၄ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ပြင်စလူ အပိုင်းထဲက ပင်လယ်ပြင်တွင် ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်း ရိုဟင်ဂျာ လူမျိုး ၇၂ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြင်စလူမြို့၊ ကိုင်းသောင်ကျေးရွာအုပ်စုနှင့် (၄)မိုင်ခန့်အကွာ ကပ္ပလီပင်လယ်ပြင်တွင် စက်လှေတစ်စီးနှင့်အတူ ရိုဟင်ဂျာ ၇၂ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

“စက်လှေပျက်ပြီးမျောရင်းနဲ့ ဒီဘက်ရောက်လာတာ၊ ရေတပ်သင်္ဘောက ဖမ်းလာတာ။ အကုန်လုံးကို ပိုးလောင်းကျေးရွာမှာထားပြီး လ၀ကနဲ့ ရဲတွေကစစ်ဆေးနေကြတုန်းပဲ”ဟု ကျေးရွာဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်သို့ ပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာ ၇၂ ဦးမှာ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၅ ဦးဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသူအချို့ပါ၀င်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

လက်ရှိဖမ်းမိထားသူများသည် ဘင်္ဂလားဒေ့နိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံကိုအလုပ်လုပ်ရန် စက်လှေဖြင့်ထွက်လာချိန်တွင် စက်ပျက်ပြီး ပင်လယ်တွင် ၅ ရက်ခန့်မျောပါနေရာမှ လပွတ္တာမြို့နယ်ဘက်ကိုရောက်ရှိလာတာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။

ဧရာ၀တီတိုင်းတွင်၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာ များဖမ်းဆီးခံရမှု ၆ ကြိမ်ထိရှိလာပြီဖြစ်ကြောင်းသိရှိရသည်။

#ပြင်စလူမြို့ #ရိုဟင်ဂျာ #စစ်ကောင်စီတပ် #ဖမ်းဆီး #Ayeyarwaddy_Times