
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၂ ရက်
အာဏာ ၆ လ သက်တမ်းထပ်မံတိုးမြှင့်ထားသည့် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ စစ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ နှင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌတို့ကို ရာထူးမှ ထုတ်ပယ် အနားပေးလိုက်ကြောင်း ယနေ့ ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီဥက္ကဌသည် စစ်ကောင်စီ အဖွဲ့ဝင် ဦးမောင်ကို နှင့် ဒေါက်တာအောင်ကျော်မင်း တို့ကို တာဝန်မှ အနားယူခွင့် ပြုကြောင်း ကြေညာ၍ ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုတရား သူကြီးချုပ် ဦးထွန်းထွန်းဦး ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဒေါက်တာဌေးအောင် နှင့် မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးလှမြင့် တို့ကိုလည်း ကျန်းမာရေးအခြေအနေ အကြောင်းပြ၍ ရာထူးမှ ဖယ်ရှားခဲ့သည်။
ယင်းပြင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် စစ်ကောင်စီ လက်အောက်ခံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးဦးကိုကို၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းဟန် တို့ကို ကျန်းမာရေးအခြေအနေ အကြောင်းပြ၍လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးမြင့်ဦး၊ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့ကို ပြည်ထောင်စုဝန်ကြီး ရာထူးမှ ထုတ်ပယ်ခဲ့သည်။
အာဏာသက်တမ်းတိုး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ စစ်ကောင်စီကို ကောင်စီဝင် ၁၈ ဦးဖြင့် ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းကို ယနေ့ ညပိုင်းတွင် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာ များမှ တဆင့်ထုတ်ပြန်ထားသည်။
#အာဏာ၆လသက်တမ်းတိုး #စစ်ကောင်စီဥက္ကဌ #စစ်ကောင်စီအဖွဲ့ဝင်များ #ပြည်ထောင်စုဝန်ကြီးများ #အဆင့်မြင့်တာဝန်ထမ်းဆောင် #ရာထူးမှထုတ်ပယ် #Ayeyarwaddy_Times