
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂ ရက်
အာဏာသိမ်း စစ်ကောင်စီက အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ – EROs မှ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် ဆက်စပ်သူတို့ကို လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းသည် ရိုးသားမှုမရှိသဖြင့် သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -TNLA က တုံ့ပြန်ပြောဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်ဟုဆိုကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ- EROs မှ တပ်ဖွဲ့ဝင် ၂၂ ဦးတို့ကို ပြစ်ဒဏ်လျှော့ပေါ့၍ လွတ်ငြိမ်းခွင့် ပြုခဲ့သည်။
စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့သည့် EROs ၂၂ ဦးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် -TNLA မှ တပ်ဖွဲ့ဝင် ၁၆ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA မှ တပ်ဖွဲ့ဝင် သုံးဦး၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)မှ တပ်ဖွဲ့ဝင် နှစ်ဦးနှင့် ရက္ခိုင့်တပ်တော် – AA မှ တပ်ဖွဲ့ဝင် တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ မြင်တာကတော့ ဒါရိုးသားမှုမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အာဏာမသိမ်းမီတုန်းကဆိုလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင်တော့ အာဏာရှိတာက ဒီတပ်မတော်မှာပဲ အာဏာရှိတယ်။ အဲဒီတုန်းကဆိုလည်း ကျွန်တော်တို့ မြောက်ပိုင်းသုံးဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ ပါဝင်လို့မရအောင် ကန့်သတ်ထား တာတွေ၊ ချန်ရစ်ထားတာတွေ အများကြီးလုပ်ခဲ့ပြီး ဒီနေ့ဒီခေတ် ဒီအချိန်ကျမှပဲ ဒါမျိုး လုပ်လာတယ်ဆိုတာ ကျွန်တော်တို့ အများကြီး သတိထားရမယ့် အနေအထားမျိုး ဖြစ်ပါတယ်”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားပန်လက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီက ၎င်းတို့၏ တရားရုံးအသီးသီးတွင် တရားစွဲဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ – EROs မှ တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးတို့ကိုလည်း တရားရုံး၌ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမိန့်များကို ပိတ်သိမ်း၍ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့သည်။
“စကစ(စစ်ကောင်စီ) ဘက်က ငြိမ်းချမ်းရေးအပေါ်မှာ သဘောထားက တကယ် ရိုးသားဖြောင့်မတ်စွာ ရှိတယ်ဆိုရင်တော့ အာဏာသိမ်းမှု ဖြစ်မှာမဟုတ်ပါဘူး။ အာဏာ သိမ်းမှာလည်း မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအပေါ်နဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် စေတနာမရှိလို့သာလျှင်အာဏာသိမ်းပြီးမှ အခုလိုမျိုး နိုင်ငံအပေါ်မှာ သတ်ဖြတ်မှုတွေ၊ မီးရှို့မှုတွေ၊ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စဉ်ဆက်မပြတ် ကျူးလွန်နေတာ ဖြစ်ပါတယ်” ဟု ဒုဗိုလ်မှူးကြီး တားပန်လက ပြောသည်။
TNLA အနေဖြင့် စစ်ကောင်စီ၏ လုပ်ဆောင်မှုများကို သတိကြီးကြီးထား၍ ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ပြီး နိုင်ငံရေးလမ်းကြောင်းအပေါ်တွင် ခိုင်မာစွာရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
တရုတ်အစိုးရ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ တွေ့ဆုံခဲ့ရသည့် မိုင်းလားဆွေးနွေးပွဲ ပျက်သွားပြီးနောက် အာဏာသိမ်း စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် မြောက်ပိုင်း ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA) တို့နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာကြောင်း အဆိုပါ EROs များထံက သိရသည်။
ဓာတ်ပုံ – TNLA
#စစ်ကောင်စီလွတ်ငြိမ်းခွင့် #ရိုးသားမှုမရှိ #သတိထားစောင့်ကြည့် #TNLA #Ayeyarwaddy_Times