ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ ဩဂုတ် ၂ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မဧရိယာအတွင်းတွင် ရာသီတုပ်ကွေးကူးစက်ရောဂါ ကြောင့် ဖျားနာနေသော ဒေသခံများကို ချင်းကျန်းမာရေးအဖွဲ့မှ ဆရာဝန်နှင့် ဆေးဆရာမများက ဇူလိုင် ၃၁ ရက်နေ့တွင် လာရောက်ကုသပေးကြောင်း ဒေသခံများ ထံက သိရသည်။

ကန်ပက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်ကတည်းက စတင်၍ ရာသီတုပ်ကွေးကူးစက်ရောဂါ ဖြစ်ပွားနေခြင်းဖြစ်ပြီး ချင်းကျန်းမာရေးအဖွဲ့မှ ဒေသခံ လူနာများအား လာရောက်ကုသစဥ် ကျေးရွာတစ်ရွာတွင် ဖျားနာသူ လူဦးရေ ၁၀၆ ဦး အထိရှိကြောင်းသိရသည်။

“ကျွန်တော်တို့ တုပ်ကွေးဖြစ်နေတာ ကြာပေမဲ့ ကုသဖို့ ငွေကြေးအခက်အခဲရှိတယ်။ အခုလိုဆေးကုသဖို့ မတတ်နိုင်တဲ့ပြည်သူတွေ ဆေးကုသခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာဝန်နှင့်အဖွဲ့တွေ ဆေးကုသနိုင်အောင် တစ်ဖက်တစ်လမ်း ကနေ ငွေအားပါဝင်ပေးတဲ့ အလှူရှင်တွေ အဖွဲ့အစည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆေးကုသမှုခံယူနေသော လူနာအများစုသည် အပြင်းစားရာသီတုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ ခေါင်းမူးဝေဒနာခံစားနေရသူများနှင့် အစာအိမ်ရောဂါခံစားနေရသူများကြောင်း ချင်းကျန်းမာရေးအဖွဲ့ထံက သိရသည်။

ကန်ပက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ကောင်စီနှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများမှာ တိုက်ပွဲအပြင် ကူးစက်တုပ်ကွေးရောဂါကြောင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရကြောင်း သိရသည်။

ဓာတ်ပုံ -ကန်ပက်လက်မြို့နယ်၊ စစ်ဘေးရှောင်ပြည်သူများ(ပုံအဟောင်း)
#ကန်ပက်လက်မြို့နယ် #ရာသီတုပ်ကွေး #ဖျားနာသူဒေသခံများ #ချင်းကျန်းမာရေးအဖွဲ့ #လာရောက်ကုသပေး #Ayeyarwaddy_Times