
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကုန်းတွင်းပိုင်းသို့ ရောက်ရှိနေသော မုန်တိုင်း ငယ်အရှိန်နှင့် မုတ်သုံလေအားကောင်းနေသဖြင့် ကမ်းရိုးတန်းဒေသများတွင်လှိုင်း အလွန်ကြီး မည်ဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါမုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန် ကြီးမည်ဖြစ်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြစ်ငယ်၊ ချောင်းငယ်တို့မှ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်သဖြင့် ယင်းအနီးတွင်နေထိုင်သူများ သတိထားရန်လိုအပ်ပြီး မုန်တိုင်းငယ် အရှိန်ကြောင့် နိုင်ငံတစ်ဝန်းတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး လေပြင်း တိုက်ခန်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်၍ သတိထားရန်လိုအပ်ကြောင်း မိုး/ဇလ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာ မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးကြီးမည်ဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်း အထက်ပိုင်း နှင့် မွန်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူသေဆုံးသည့် အထိဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ – မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#အိန္ဒိယရှိမုန်တိုင်းငယ် #မုတ်သုံလေအားကောင်း #ကမ်းရိုးတန်းဒေသ #မိုးကြီးလှိုင်းကြီး #ရေကြီးရေလျှံ #သတိထားရန်လို #Ayeyarwaddy_Times