ဧရာဝတီတိုင်းမ်

ဩဂုတ်လ ၈ ရက်

မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုမှ ဇူလိုင်လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄၆ ဒသမ ၁၃၂ သန်းရှိကြောင်း သိရသည်။

အဆိုပါ တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် မူဆယ် (၁၀၈) မိုင်၊ လွယ်ဂျယ်၊ ကံပိုင် တည်၊ ချင်းရွှေဟော်တို့ပါဝင်ပြီး မူဆယ်နှင့် ချင်းရွှေဟော်စခန်းတို့မှ ကုန်သွယ်မှု အများဆုံး ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဘက်က ပို့ကုန်တင်ပို့ရာတွင် ရေထွက်ပစ္စည်းများ၊ ဆန်နှင့်ဆန်ကွဲ၊ ပြောင်းဖူး၊ ပဲမျိုးစုံ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအပါဝင် နနွင်းတက်၊ တစ်သျှူးငှက်ပျောတင်ပို့ နိုင်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာန အချက်အလက်များအရသိရသည်။

တရုတ်နိုင်ငံဘက်က သွင်းကုန်များတွင် ယာဉ်နှင့်ယာဉ်ယန္တရား၊ ဆိုင်ကယ်အပိုပစ္စည်း၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ သံထည်ပစ္စည်း၊ ကွန်ကရစ်အမှုန့်၊ ပလက်စတစ်ဖျာ၊ ကော်စေ့၊ ပိတ်လိပ်အပါဝင်လူသုံးကုန်၊ အဝတ်အထည်နှင့် စပျစ်သီးများ တင်သွင်းကြောင်း အဆိုပါဌာနထံက သိရသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဧပြီမှ ၂၀၂၃ ခုနှစ် မတ်လအထိမြန်မာ – တရုတ်နှစ် နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံရှိပြီး မြန်မာနိုင်ငံမှတင်ပို့မှု ကန်ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံကျော်ရှိ၍ ကုန်သွယ်မှုတန်ဖိုးကွာဟချက် ၁၇ ဘီလီယံရှိကြောင်း ISP Myanmar ကဆိုထားသည်။

စစ်ခေါင်းဆောင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ပမှကုန်ပစ္စည်းတင်သွင်းမှုများကို လျော့ချ၍ ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရန် ပြောကြားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်