ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
ရန်ကုန်တိုင်းအတွင်းရှိ စျေးနှုန်းများဖြစ်ပါသည်။
(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဇူလိုင်လ ၁၆ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ်နိုင်ပါသည်။)
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ် ကိစ္စအပါအဝင် စစ်ကောင်စီ သက်တမ်းတိုးနိုင်ရေး အခြေအနေများကြောင်း နိုင်ငံရေး စီပွားရေး လှုပ်ခတ်မှုများရှိခဲ့ပြီး ယခုသီတင်းပတ်အတွင်း ကုန်ဈေးနှုန်းအဆမတန်မြင့် တက်မှုများဖြစ်ပေါ်ခဲ့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
လက်ရှိတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း၊ အကယ်ဒမီအခေါက်ရွှေဈေးအပါအဝင် စက်သုံး ဆီဈေးနှုန်းလည်း တဖြည်းဖြည်းမြင့်တက်လာကာ အခြေခံစားသောက်ကုန် ပစ္စည်း ဈေးကွက် အတွင်းဈေးနှုန်းအဆမတန်မြင့်နေကြောင်း စားသုံးသူဈေးကွက်အတွင်းမှ သိရသည်။
#နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း
စစ်ခေါင်းဆောင် တည်သည့် မာရဝိဇယဘုရားနှင့် ဆင်ဖြူမွေးနေ့အမှတ်တရအဖြစ် ငွေစက္ကူ ကျပ်နှစ်သောင်းတန်ထုတ်မည်ဟု စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင်ပင် ငွေလဲနှုန်းထားများ မြင့်တက်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် ထပ်မံသက်တမ်းတိုးရန်ရှိနေသည့်အတွက် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် တစ်လအတွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းထားမှာ တစ်ဒေါ်လာလျှင် ကျပ် ၃၀၀ ကျော်မြင့် တက်သွားခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာဈေးနှုန်းသည့် ဇူလိုင် ၃၁ ရက်နေ့က တစ်ဒေါ်လာလျှင် ၃,၃၈၀ ကျပ်ရှိပြီး ဇူလိုင် ၁ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၃,၀၈၀ ရှိ၍ ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ကျပ် ၃,၁၄၀ ကျပ်ရှိကြောင်း သိရသည်။
“ဒေါ်လာဈေးက ပျှမ်းမျှဆိုရင် တစ်ဒေါ်လာကို ၃၄၀၀ ပတ်ဝန်းကျင်ပဲ။ လိုတဲ့သူကတော့ ဝယ်နေတာပဲ။ စီးပွားရေးသမားတွေအတွက်ဆို မကိုက်ဘူး။ ဈေးက ချက်ချင်းကို ပြောင်းနေတာ လိုရင်ဝယ်ပဲ” ဟု ပို့ကုန်၊သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိချိန်ထိ တရားဝင်ငွေလဲကောင်တာများတွင် ဒေါ်လာလိုအပ်သလောက်လွတ် လပ်စွာ ဝယ်ယူနိုင်ခြင်းမရှိပေ။
စစ်ကောင်စီ၏ နှစ်သောင်းတန်ငွေစက္ကူ ဂယက်ကြောင့် ယခုရက်ပိုင်း ရက်ပိုင်းအတွင်း ထိုင်းဘတ်ဈေး အနည်းငယ်တက်လာကာ ဇူလိုင် ၁၅ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၉၀ ကျပ်ရှိရာမှ ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ကျပ် ၉၅ မှ ၉၈ ကျပ်ဝန်းကျင်တွင် အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရသည်။
ထို့ပြင်တရုတ်ယွမ်ဈေးနှုန်း၌ ဇူလိုင် ၁၅ ရက်နေ့တွင် တစ်ယွမ်လျှင် ကျပ် ၄၄၀ ရှိရာမှ ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့ တစ်ယွမ်လျှင် ကျပ် ၄၇၄ ကျပ်ဖြင့် တစ်ပတ်အတွင်း ၃၄ ကျပ် မြင့်တက်လာကြောင်း တရုတ်ယွမ်ဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိဈေးကွက်အတွင်း ရွှေဈေးနှုန်းနေ့စဉ်အဖွင့်ရှိနေသော်လည်း ရွှေရောင်းချမှုမှာ အကန့် အသက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
အကယ်ဒမီရွှေတစ်ကျပ်သာ ကျပ် ၃၆သိန်း (၃,၆၀၀,၀၀၀) ဝန်းကျင်ရှိပြီး ရွှေဆိုင် အများစုတွင် အကယ်ဒမီအခေါက်ရွှေရောင်းချမှုကိုမူ ပိတ်ထားဆဲဖြစ်သည်။
အခေါက်ရွှေဖြင့်ပြုလုပ်ထားသည့် လက်ဝတ်ပစ္စည်းများရောင်းချလျက်ရှိသော်လည်း ရွှေထည်ဒီဇိုင်းအပေါ်မူတည်ပြီး အလျော့တွက်လက်ခပိုမို တိုးတောင်းမှုများရှိနေကြောင်း ရွှေဝယ်သူများထံက သိရသည်။
ထို့ပြင် ရွှေဆိုင်များလက်ဝတ်တန်ဆာများကို အရောင်းအဝယ်ပြုရာတွင် ပုံစံဒီဇိုင်းကွဲပြား ချက်အရ အလျော့တွက်လက်ခကွဲပြားရှိသဖြင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ထပ်ဆောင်း လက်ခတိုးတောင်းခြင်းမပြုရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ထားသည်။
“ပိုက်ဆံကတန်ဖိုးမရှိတော့ ရွှေဝယ်ထားတာ။ ရွှေဆိုင်တွေက အရောင်းပိတ်ထားတော့ ဝယ်မရဘူး။ နာမည်ကြီးဆိုင်တွေက အဝယ်အရောင်း အရမ်းဈေးကွာတာတွေ လည်း ရှိတယ် ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
ဇူလိုင် ၁၅ ရက်နေ့တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ့် နှစ်သိန်းကျော် ၊ ငွေကျပ် (၃,၂၆၀,၀၀၀) ဝန်းကျင်ရှိ၍ ယခုရက်ပိုင်းအတွင်း အခေါက်ရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်လေးသိန်း (၄၀၀,၀၀၀) ခန့်မြင့် တက်သွားခြင်းဖြစ်သည်။
နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာမှုနှင့်အတူ စက်သုံးဆီဈေးနှုန်းလည်းမြင့်တက်လာရာ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၂,၂၀၀ ကျော် ရောက်ရှိသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၂,၂၃၅ ကျပ်ရှိပြီး ဇူလိုင် ၁၆ ရက်နေ့က ၂,၁၀၀ ကျပ်ဖြစ်သည်။ ၉၅ တစ်လီတာလျှင် ၂,၃၄၅ ကျပ်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့က ၂,၂၂၀ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင် ၂,၃၉၀ ကျပ်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့က ကျပ် ၂၁၇၀ ရှိသည်။ ဒီဇယ်တစ်လီတာလျှင် ယမန်နေ့က ကျပ် ၂,၃၁၀ ကျပ်ရှိပြီး ဇူလိုင် ၁၆ ရက်နေ့တွင် ၂,၀၉၀ ကျပ်သာရှိကြောင်းစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီထံက သိရသည်။
ထို့ကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည်လည်း ဇူလိုင်လအတွင်း ကျပ်၃၀၀ ကျော် ဆက်လက်မြင့်တက်ခဲ့သည်။
#အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်း
ယခုလ (ဇူလိုင်လ)တွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး အခြေခံ စားသောက်ကုန် အပါအဝင် ဆန်နှင့်ဆီဈေးနှုန်းများပါ မြင့်တက်လျက်ရှိသည်။
ယခုရက်ပိုင်းအတွင်း ဆန်အချော တစ်အိတ် ကျပ်တစ်သောင်း (၁၀,၀၀၀) မှ နှစ်သောင်း ကြား(၂၀,၀၀၀) မြင့်တက်နေပြီး ဆန်ကြမ်းဈေး ငါးထောင်(၅၀၀၀)ကျပ်ကျော်မြင့် တက်သွား ကြောင်း ဆန်ရောင်းသူများထံက သိရသည်။
ပြည်တွင်းစားသုံးမှုမြင့်မားသော ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ ၊ ရွှေဘိုဧရာမင်းထူးရှယ် တစ်အိတ် ကျပ် ၁၀၈,၀၀၀ ၊ ကျားပျံတစ်အိတ် ကျပ် ၁၁၀,၀၀၀၊ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၉၆,၀၀၀၊ ဆင်းသွယ် တစ်အိတ် ကျပ် ၈၆,၀၀၀ နှင့် ဇီယာရှယ်တစ်အိတ်ကျပ် ၇၉,၀၀၀ ဝန်းကျင်ကြားထဲရှိကြောင်း စုံစမ်းသိရသည်။
” ဆန်ဈေးနှုန်းတွေက တစ်ရက်ထဲမှာကိုဈေးမငြိမ်တဲ့အခြေအနေတဲ့အတွက် ဆန်ဈေး အသစ် ပြောမရသေးဘူး။ တချို့ပွဲရုံတွေက မရောင်းဘူးပိတ်ထားတယ်။ တချို့လည်း ထိန်းရောင်းတာတော့ရှိတယ်။ လိုက်ဝယ်နေရတာပဲ” ဟု ဆန်လက်လီလက်ကား ရောင်းချသူတစ်ဦးက ဧရာ၀တီတိုင်းမ် ပြောသည်။
ထို့ပြင် ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ၂၅ ရာခိုင်နှုန်းအဆင့်ရှိ အရန်ဆန် ၅၀ ကီလိုပါ ဆန်အိတ် ငါးသောင်း(၅၀,၀၀၀)ကို ဈေးကွက်အတွင်း အမြန်ဆုံးရောင်းချသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ယခုတစ်ပတ်အတွင်းစားသုံးဆီဈေးနှုန်းသိသိသာသာမြင့်လာပြီး စစ်ကောင်စီ သတ်မှတ် ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ကျပ် ၄,၂၉၅ ဖြစ်ချိန်တွင် ပြင်ပ ပေါက်ဈေးမြင့်တက်နေကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
လက်ရှိမြို့တွင်းဈေးတချို့တွင် စားအုန်းဆီဈေးမြင့်တက်လာသဖြင့် ဈေးသိပ်မကွာသည့် စားအုန်းဆီကိုသန့်စင်ထားသည့်ဟင်းသီးဟင်းရွက်များရောင်းချမှုပိုများလာကြောင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြသည်။
စားအုန်းဆီလက်လီတစ်ပိဿာဈေး ဇူလိုင် ၁၆ ရက်နေ့က ကျပ် ၉၅၀၀ ရှိရာမှာ ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ကျပ် ၁၀၅၀၀ ရှိကြောင်းသိရသည်။
“ကုန်ဈေးနှုန်းက တက်နေတာပဲ။ စားအုန်းဆီဈေးတက်ရင် ပဲဆီဈေးလည်းတက်မှာပဲ။ အိမ်မှာတော့ cook နေကြာဆီသုံးတာ၊ ဘတ်ဈေးတော့ သူလည်းဈေးတက်ပြီထင်တယ်။ ဆီမဝယ်ရသေးဘူး ” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။
ယင်းပြင် စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂,၆၀၀ မှ ယနေ့ ၂,၈၀၀ ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်နှင့် အာလူးတစ်ပိဿာလျှင် ၃,၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်း အပြောင်း အလဲမရှိကြောင်း ညောင်ပင်လေးဈေးအတွင်းမှ စုံစမ်းသိရသည်။
#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #Ayeyarwaddy_Times