ဧရာဝတီတိုင်းမ်
ပုသိမ်၊ ဇူလိုင် ၃၀ ရက်
စစ်တပ်မှအာဏာသိမ်းထားသည့် နှစ်နှစ်ကျော်အတွင်းဧရာဝတီတိုင်းတွင် ဒီရေတောဧရိယာ (၃၀)ရာခိုင်နှုန်းသာကျန်ရှိတော့သည့်အတွက် ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများလုပ်ဆောင်ရန်လိုအပ်နေကြောင်း ဒီရေတော ထိန်းသိမ်းရေး လုပ်ငန်းလုပ်ဆောင်သည့် အဖွဲ့များထံက သတင်းရရှိသည်။
ဧရာဝတီတိုင်းအတွင်းရှိ ငရုပ်ကောင်း၊ငပုတော၊သာပေါင်း၊ရွှေသောင်ယံ၊လပွတ္တာ၊ဘိုကလေး၊ဖျာပုံ နှင့် ဒေးဒရဲ စသည့်မြို့နယ်တို့တွင် ဒီရေတော ထိမ်းသိမ်းရေးနယ်မြေများအဖြစ် သတ်မှတ်ထားသည်။
” ဒီရေတောအခြေအနေတွေကမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေအရထိန်းသိမ်းနိုင်ဖို့ခက်ခဲနေတယ်။ စစ်တပ်အာဏာသိမ်းယူတဲ့ပထမ တစ်နှစ်တာအတွင်း ဒီရေတော အခြေအနေက ၈၀ ရာခိုင်နှုန်း ကျော်ရှိနေသေးတယ်။ အခု ၂ နှစ်တာကျော်တဲ့အချိန်မှာတော့ ဒီရေတောထိန်းသိမ်းနိုင်စွမ်းကျဆင်းသွားတာရယ် ဒေသခံတချို့ ကမဆင်မခြင် ခုတ်လဲတာတွေရှိလာတာရယ် သဘာဝဘေးအန္တ ရာယ်တွေကြောင့် ၅၀ ရာခိုင်နှုန်း ကလုံးဝကိုပျက်စီးသွားတယ်။၃၀ ရာခိုင်နှုန်း အနေနဲ့ပဲကျန်တော့တယ်။ အခုထက်ပိုပြီးဒီရေတောတွေမပျက်စီးသွားဖို့ထိန်းသိမ်းနေရတယ်” ဟု မြန်မာ့ဇီဝမျိုးစိတ်များ ထိန်းသိမ်းရေးနှင့် ခွဲခြားသတ်မှတ်ခြင်းအဖွဲ့(NSCI)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ ဒီရေတောများပျက်စီးနေမှုအပေါ်ထိန်းသိမ်းနိုင်ရန်အတွက် ဒီရေတောများတစ်ဝိုက်တွင် ဂေဟစနစ်များပြန်လည်ထူထောင်ခြင်း၊လူ နှင့် သဘာဝဂေဟစနစ်ကို အကျိုးပြုသည့်ဒီရေတောမပျက် ရေလုပ်ငန်းလုပ်ကိုင်ခြင်းနည်းပညာကို ဒေသခံများထံသို့သင်တန်းပေးလုပ်ဆောင်ပေးနေကြောင်းWorldview International ဖောင်ဒေးရှင်း (WIF)အဖွဲ့ထံကသိရသည်။
” ဧရာဝတီတိုင်းထဲကပင်လယ်ရေဝင်ရောက်လွယ်တဲ့မြို့နယ်တွေနဲ့ကျေးရွာဒေသခံတွေအပေါ် ဒီရေတာမပျက် ရေလုပ်ငန်းလုပ်ကိုင်တာ ဒီရေတောအနီးတဝိုက်ကို ဂေဟစနစ်ပုံစံ ပြန်ထူထောင်တာနဲ့ သဘာဝဂေဟစနစ်အကျိုးပြုမဲ့သင်တန်းတွေဖွင့်လှစ်ပေးနေတာရှိပါတယ်။သင်တန်းတွေကို ၂၀၂၂ ခုနှစ် မေလထဲကစလုပ်ဖြစ််ပါတယ်။ သင်တန်းအကြိမ်အရေအတွက်က ၆၀ ကျော်လောက် ရှိနေပြီ” ဟု Worldview International ဖောင်ဒေးရှင်း (WIF)အဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။
ဒေသခံပြည်သူများအတွက် ဝင်ငွေ အရင်းအမြစ်တစ်ခုအဖြစ် ဒီရေတောအနီး၌ကဏန်းအသားတိုးမွေးမြူခြင်းစီမံကိန်းကိုပြုလုပ်ခဲ့ကာ
ကမ်းရိုးတန်းဒေ သ ရေသယံဇာတအလွန်အကျွံဖမ်းဆီးမှုနှုန်းကို လျှော့ချခြင်းဖြင့် ဒေသခံ ပြည်သူများအတွက် ဝင်ငွေရင်းမြစ်အဖြစ် မှီခို နိုင်စေကြောင်း သေချာစေရန် ကူညီပေးခဲ့ကြောင်းလည်းWIF အဖွဲ့တာဝန်ရှိသူကပြောသည်။
” အခုအာဏာသိမ်းထားတဲ့အခြေအနေကြောင့် ဒီရေတောထိန်းသိမ်းဖို့လုပ်ငန်းစဥ်တွေဟာအနေအထားတစ်ခုအရပျက်ယွင်းနေရတယ်။ ဒီရေတောပင်တချို့ကိုခုတ်ပြီးမီးသွေးဖုတ်တာတို့ ငါးကန်တွေတူးတာတွေရှိလာတယ်လို့ပြန်သိရတယ်။ဒါတွေကိုပြန်ပြီးကြပ်မတ်ဖို့လိုတယ်။ ဒီရေတောတွေသာမရှိတော့ရင်ပင်လယ်ရေငံဝင်ရောက်တာတွေများလာပြီးတော့ပင်လယ်အနီးရေချိုရှားပါးမှုတွေကြုံရလာနိုင်တယ်။နောက်လယ်ယာမြေတွေပျက်တဲ့အတွက်စားနပ်ရိက္ခာရှားပါးတာတွေကြုံရနိုင်တယ်။အဲဒီအတွက်ဒေသခံတွေအနေနဲ့ကိုယ့်အသိစိတ်နဲ့ထိန်းသိမ်းပေးဖို့အကြံပြုချင်ပါတယ်” ဟုပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသုတေသီတစ်ဦးကအသိပေးပြောဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ ဒီရေတောများထိန်းသိမ်းလုပ်ဆောင်သည့်လုပ်ငန်းစဥ်များကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး ၂၀၁၇ ခုနှစ်အထိ WIF အဖွဲ့က တစိုက်မတ်ဆောင်ရွက်ခဲ့ကာစစ်အာဏာသိမ်းယူခဲ့ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှနိုဝင်ဘာလအထိအချိန် ကိုးလကြာလုပ်ငန်းများရပ်ဆိုင်းခဲ့ရသည်။
ဓာတ်ပုံ- Worldview International Foundation (WIF)
#စစ်တပ်အာဏာသိမ်းသည့် #၂နှစ်ကျော် #ဧရာဝတီတိုင်းတွင် #ဒီရေတော #ဧရိယာ၃၀ရာခိုင်နှုန်းသာကျန်ရှိ
#Ayeyarwaddy_Times