ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၉ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့်အသုတ်မြို့တို့တွင် စစ်ကောင်စီပိုင် Mytel ဖုန်းဆင်းကဒ်နှင့် မြန်မာဘီယာများရောင်းချခြင်းရှိမရှိစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်နှင့် စည်ပင်သာယာရေးအဖွဲ့မှလိုက်လံစစ်ဆေးနေကာ ရောင်းချခြင်းမပြုလုပ်သည့်ဈေးဆိုင်၂၀ ဆိုင်ဝန်းကျင်ကိုငွေကျပ် ၅သိန်းမှ၂၀သိန်း ထက်မနည်းဒဏ်ရိုက်နေကြောင်းဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က ရေကြည်မြို့တွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်နှင့် အရက်၊ ဘီယာလက်ကားရောင်းချသည့်ဆိုင်များတွင် စစ်ကောင်စီတပ်၊ ရဲ၊ မြို့နယ်ထွေအုပ်နှင့်စည်ပင် သာယာရေးအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။
” ဆိုင်ကိုအဖွဲ့လိုက်လာစစ်သွားတယ်။Mytel ဆင်းကဒ်ရောင်းနေလားမရောင်းဘူးလားပေါ့။ နောက်ပြီး မြို့ထဲကအရက်လက်ကားဆိုင်တွေကိုကျတော့ မြန်မာဘီယာရောင်းချတာရှိမရှိလိုက်စစ်တယ်။ မရှိတဲ့ဆိုင်ကိုဒဏ်ငွေရိုက်သွားတယ်ခင်ဗျ” ဟု ရေကြည်မြို့ရှိကုန်စုံဆိုင်ရောင်းချသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် အသုတ်မြို့တွင်း၌ ကုန်စုံဆိုင်၊အရက်၊ ဘီယာ လက်လီလက်ကားဆိုင်များတွင် Mytel ဖုန်းဆင်းကဒ်နှင့် မြန်မာဘီယာ ရောင်းချခြင်းရှိမရှိ စစ်ကောင်စီတပ်နှင့် စည်ပင်အဖွဲ့တို့်မှလိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ရောင်းချခြင်းမရှိသည့် ဆိုင်များကိုခြိမ်းခြောက်သတိပေးခြင်းအပြင် ငွေ ကျပ် ၅ သိန်း ထက်မနည်း ဒဏ်ငွေရိုက်မှုများပြုလုပ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
#ရေကြည်မြို့နယ် #အသုတ်မြို့ #စစ်ကောင်စီတပ် #မြန်မာဘီယာ #မိုင်တဲလ်ဆင်းကဒ် #လိုက်လံစစ်ဆေး #Ayeyarwaddy_Times