ဧရာ၀တီတိုင်းမ်
ဇူလိုင် ၂၉ ရက်
စစ်ကောင်စီတပ်သည် ကရင်နီဒေသသို့ တပ်မအစုံပို့၍ အင်အားအများအပြားဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်အပါအ၀င် တပ်မအစုံ၊ တပ်ရင်းအသီးသီးက စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားလျက်ရှိကြောင်း သိ ရသည်။
စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်းသို့ တပ်မ လေးခုအပြင် တပ်ရင်း၊ တပ်ဖွဲ့ အင်အားအများအပြား အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ကရင်နီပူး ပေါင်းအဖွဲ့နှင့် ဇူလိုင် ၂၁ ရက်မှစတင်၍ တိုက်ပွဲများ ဖြစ်ပွားနေကာ ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များ ပြားလျက်ရှိသည်ဟု ကရင်နီ စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။
“မိုးဗြဲ ဘက်ကတက်လာတဲ့ စစ်ကောင်စီတပ်တွေက သံလွင်မြစ်ဘက်မပြောနဲ့၊ လွိုင်ကော်က ဘီလူးချောင်းတောင် မရောက်ဘူး လမ်းတင်အတိုက်ခံရတာ။ စစ်တပ်က ကောင်တွေ အလောင်းတွေ လွိုင်ကော်ဆေးရုံကို ယူသွားတယ်။ ခဲသန့်စင်စက်ရုံ ဘက်မှာ လည်း သူတို့လူတွေ အလောင်းတွေကို မီးပုံရှို့သွားတယ်။ ကရင်နီထဲ၀င်ဖို့ မပြောနဲ့ ကရင်နီ အ၀မှာတင် အလောင်းပုံနေပြီ” ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်မှ ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
ထို့အပြင် ထီရိတောင်ကြောတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြေမြုပ်ထားသည့် မြေစာပုံအများအပြားကိုလည်း တွေ့ရှိရပြီး သံလွင်မြစ်ကိုဖြတ်ကျော် လာသည့် စစ်ကောင်စီတပ်ရင်းတစ်ခုလည်း တိုက်ခိုက်ခံရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ကျော်ကျော်နိုင်အပါအ၀င် ၂၅ ဦးခန့် သေဆုံးမှုရှိကြောင်းသိရပြီး မည်သည့် တပ်ရင်းမှဖြစ်ကြောင်းကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနမှ စုံစမ်းအတည်ပြုလျက် ရှိသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ကလည်း ကရင်နီပြည်နယ်ရှိ ဖားဆောင်းမြို့အနီး တွင် စစ်ကောင်စီတပ်၏ ယာယီတပ်စခန်းတစ်ခုကို ပူးပေါင်းအဖွဲ့မှ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်ထံက သိရ သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ တပ်မ(၅၅) အပြင် တပ်ရင်း၊ တပ်ဖွဲ့ အစုံပါ၀င်နေပြီး ထိခိုက်သေဆုံးမှုကို အတည်ပြု၍မရသေးဘဲ စစ်ကောင်စီမှ တပ်မ ထက်၀က်ခန့်အသုံးပြု၍ ကရင်နီပြည်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကရင်နီဒေသသို့ တပ်မ (၄၄)၊ တပ်မ (၅၅)၊ တပ်မ(၆၆)၊ တပ်မ (၇၇)၊ တပ်မ(၉၉) တပ်မလေးခုအပြင် အမှတ်(၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၂)၊ (စကခ ၁၈) လက်အောက်ခံ တပ်ရင်းများ ပို့ဆောင်ထားကြောင်းနှင့် စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
“တပ်မ ၅၅ ဆိုတာ ကချင်ပြည်နယ်ကလေ။ ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်က တပ်မတွေကို နေရာအလိုက်မဟုတ်တော့ဘဲ အင်အားကိုဖြန့်ကျက်နိုင်ခြင်းမရှိတော့ တအားထိုးစစ်ဆင်နေရတဲ့နေရာကို စုပြုံပို့နေတဲ့သဘောပဲ။ ထုတ်နုတ်အင်အားတပ်တွေ ကလည်း အစုံပဲ။ တပ်မလိုက်ဆိုပြီး ဘယ်တပ်မ၊ ဘယ်တပ်ရင်းကဆိုတာမရှိတော့ဘဲ ကျလို့ အလောင်းတွေကိုကြည့်လိုက်ရင် နံပါတ်အစုံပဲ” ဟု ကရင်နီစစ်ရေးသတင်း ရင်းမြစ်က ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ် အင်းမတပ်(၆၆) တပ်ရင်း၏ လက်အောက်ခံ တပ်ရင်း များဖြစ်သည့် ခလရ(၁) (မင်းလှစစ်ကွင်း)၊ ခလရ-၁၁ ဝါးယားချောင်း၊ ခလရ -၁၄ ပြည်၊ ခလရ-၃၅ သာယာ၀တီ၊ ခလရ-၈၀ အင်းမ၊ ခလမ-၄ အင်းမ၊ ခမရ-၅ အင်းမ၊ ခမရ-၆ အုတ်ဖို၊ ခမရ-၁၀ စမ္ပယ်၊ ခမရ- ၁၀၈ ဓနုဖြူ တပ်ရင်းများသည် စစ်ကောင်စီတပ် အားထားရသည့်တပ်ရင်းများဖြစ်ပြီး ကရင်နီပြည်နယ်သို့ ဝင်ရောက်၍ ထိုးစစ်ဆင် တိုက်ခိုက် နေရသည့် တပ်ရင်းများဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ဖားဆောင်းမြို့အနီးမှ စစ်ကောင်စီယာယီတပ်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ
#ကရင်နီ #စစ်ကောင်စီတပ် #တပ်မတပ်ရင်းအစုံ #အင်အားဖြည့်တင်း #ထိုးစစ်ဆင် #ထိခိုက်သေဆုံးမှုများ #Ayeyarwaddy_Times