ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၇ ရက်
လျှပ်စစ်ဓာတ်အားမလုံလောက်မှုကြောင့် ဧရာဝတီတိုင်း အတွင်း၌ စပါးခွံလောင်စာအသုံးပြုကာလျှပ်စစ်ဓာတ်အားများရရှိနိုင်ရန်စစ်ကောင်စီမှကြိုးပမ်းလာကြောင်းသိရသည်။
စပါးခွံလောင်စာအသုံးပြု၍
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်ကြိုးပမ်းမှုမှာ စစ်ကောင်စီအနေဖြင့်ယခင်စစ်အစိုးရနည်းတူဟန်ပြကြိုးပမ်းမှုသာဖြစ်ပြီး တကယ်လက်တွေ့၌ အောင်မြင်ခဲ့ခြင်းမရှိကြောင်း ညောင်တုန်းမြို့တာကွေ့ကျေးရွာဒေသခံတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
“အရင်နဝတခေတ်ကိုပြန်သွားနေတာ။အဲ့တုန်းကလည်းစပါးခွံလောင်စာသုံးဓာတ်အားပေးစက်ဆိုပြီးလုပ်သွားဖူးတယ်။တကယ်က ဒီဇယ်အင်ဂျင်မောင်းပြီးတရွာလုံးကိုမီးပေးခဲ့တာ။ကံကောင်းလို့ မီးပေးရုံမလောင်တာပဲတော်သေးတယ်။တမင်ဟန်ပြလုပ်နေတာ။ဘာမှကိုအောင်မြင်မှာလည်းမဟုတ်ဘူး” ဟု ၄င်းကပြောသည်။
ထို့အပြင် ဧရာဝတီတိုင်းအတွင်း စပါးခွံလောင်စာသုံးနည်းပညာဖြင့် ဆန်စက်ရုံပေါင်း(၃၀၃)ခုရှိနေကြောင်း စစ်ကောင်စီမှပြောဆိုနေသော်လည်း လက်ရှိ၌မိုးစပါးစိုက်ပျိုးချိန်ဖြစ်နေ၍ ကုန်ကြမ်းစပါးခွံများရရှိရန် အခက်အခဲများရှိနေသဖြင့် လျှပ်စစ်မီးအားထုတ်လုပ်ရန်အဆင်မပြေနိုင်သေးကြောင်း ပန်းတနော်မြို့ခံဆန်စက်ပိုင်ရှင်များထံကသိရသည်။
” ကျွန်တော်သိရသလောက် ဧရာဝတီက ဆန်စက်တိုင်းကို စပါးခွံလောင်စာနဲ့လျှပ်စစ်မီးအားထုတ်ဖို့ဟိုးအရင်စစ်အစိုးရတုန်းက အတင်းတိုက်တွန်းခဲ့ဖူးတယ်။တကြိမ်မှကိုမအောင်မြင်ခဲ့ဘူး။ စပါးခွံလောင်စာဆိုတာက လည်းစပါးကြိတ်ခွဲဖို့လုပ်တဲ့အချိန်မှပဲရတာ။အခုအနေအထားကမိုးစပါးတွေစိုက်နေကြပြီ။နွေစပါးတွေဆိုတာလည်းအခုအခြေအနေနဲ့စိုက်ပျိုးဖို့မလွယ်ဘူး။စိုက်ပျိုးရိတ်သိမ်းစရိတ်ကမတရားမြင့်နေတာ။စစ်ကောင်စီလုပ်နေတာကအဆင်မပြေနိုင်ဘူး” ဟု ပန်းတနော်မြို့ခံဆန်စက်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
ထို့အပြင် စပါးခွံလောင်စာဖြင့်လျှပ်စစ်ဓာတ်အားရရှိရန်ကြိုးပမ်းမှုမှာ လေထုညစ်ညမ်းမှုကိုပိုမိုဖြစ်ပေါ်စေနိုင်ပြီးကျန်းမာရေးအရပါဆိုးရွှားစွာထိခိုက်လာစေနိုင်ကြောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်သူများမှထောက်ပြမှုများလည်းရှိနေသည်။
#ဧရာဝတီတိုင်း #လျှပ်စစ်မီး #စပါးခွံ #ဆန်စက်များ #လေထုညစ်ညမ်းမှု #Ayeyarwaddy_Times