ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ် ရှမ်းနီ(SNA) ပူးပေါင်းစစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ သုံးရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်ကသေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီရှမ်းနီ(SNA) ပူပေါင်းတပ်နှင့် ဒေသကာကွယ်ရေးတို့၏တိုက်ပွဲသည် နောင်ပိုအောင်စံပြကျေးရွာနှင့် လွှစင်ကုန်အကြားတွင် ဇူလိုင်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အထိ သုံးရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

၎င်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများ နှင့် ရှမ်းနီ(SNA) တပ်ဖွဲ့ဝင်များကို စစ်ကိုင်းတိုင်း အထက်ပိုင်း နောင်ပိုအောင်နှင့် နန်တော့ အမှီပြုနေထိုင်ကြသည့် ဥရုချောင်းအတွင်း စစ်ကောင်စီတပ်သားများက အိတ်နှင့်ထည့်ကာ ရေမျှောလိုက်ကြောင်း ဒေသခံများကပြောသည်။

“သုံးရက်လောက်က ဆက်တိုက်ပစ်ခတ်ကြတာ ကြောက်လို့ ညဘက်တွေ မအိပ်ရဲဘူး။ စစ်တပ်နဲ့ရှမ်းနီတွေက တိုက်ပွဲဖြစ်တဲ့နေရာတင်ပစ်တာမဟုတ်ဘူး၊ ရမ်းပစ်တော့ လက်နက်ကြီးကျမှာလည်းကြောက်ရသေးတယ်။ သေတဲ့အလောင်းတွေအများကြီးကို မြေမမြုပ်ကြပဲ ချောင်းထဲမျှောလိုက်ကြတယ်” ဟု နောင်ပိုအောင်စံပြကျေးရွာမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့် ရှမ်းနီ(SNA) ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က လူဦးရေ ၈၀ ကျော်သေဆုံးသည်ဟု ပြောဆိုနေကြသော်လည်း ဧရာဝတီတ်ိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင်လ ၂၅ ရက်နေ့နှင့် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် ဟုမ္မလင်းဘက်မှ စစ်ကောင်စီတပ်သားများ၊ရှမ်းနီ(SNA) တပ်ဖွဲ့ဝင်များ နှင့် ပျူစောထီးများသည် ကား ၅စီးဖြင့် ရောက်ရှိလာကာ ထပ်မံအင်အားဖြည့်တင်းထားကြောင်း ဒေသခံများကပြောသည်။

ထို့ပြင် နောင်ပိုအောင်စံပြကျေးရွာအနီး စစ်ကြောင်းထိုးတပ်စွဲနေသည့် ဟုမ္မလင်းအခြေစိုက် ခမရ ၃၆၉ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ နှင့် ရှမ်းနီ(SNA) တပ်များသည် ချင်းတွင်းမြစ်အတွင်းသွားလာနေသည့် ရေယာဥ်များကိုလည်း မကြာခဏ အဓမ္မ ဆက်ကြေးတောင်းနေသည့်အဖွဲ့များလည်း ဖြစ်ကြောင်းဒေသခံများကပြောသည်။

ဓာတ်ပုံ-နောင်ပိုအောင် ဥရုချောင်းတံတား

#နောင်ပိုအောင်စံပြကျေးရွာ #တိုက်ပွဲ #စစ်ကောင်စီတပ်နှင့်ရှမ်းနီတပ် #သေဆုံးမှုများ #အလောင်း #အိတ်ထဲထည့်ကာ #ဥတုချောင်းအတွင်းရေမျှောပစ် #Ayeyarwaddy_Times