နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၆ ရက်

တိုက်ပွဲဖြစ်ပွါးခြင်း မရှိသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ နမ့်အွမ်အုပ်စု၊ ဆိုင်ခေါင်ကျေးရွာသို့ ဦးတည်၍ အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် Mi-35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးနေရကြောင်း ဒေသတွင်း သတင်းများနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါ ဆိုင်ခေါင်ကျေးရွာကို ဇူလိုင်လ ၂၅ ရက် နေ့လည် ၁၁ နာရီ ၂၅ မိနစ်ခန့်က Mi-35 တိုက်ရဟတ်ယာဉ်ဖြင့် သုံးကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မ- ၉၉ လက်အောက်ခံ ခလရ-၂၄၁ မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံများ ထိခိုက်သေဆုံး၍ နေအိမ်အချို့ ပျက်ဆီးသွားကြောင်း သိရသည်။

“စစ်ကောင်စီဘက်က တမင်သက်သက် အရပ်ဘက်တွေကို ဦးတည်ပြီးမှ တိုက်ခိုက်တာပေါ့။ လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၂၀ ကျော်လောက် ပစ်တယ်။ အဲဒါကတော့ တိုက်ပွဲဖြစ်ပွားမှု တော့ မရှိဘူး။ မနက် ၁၁ နာရီလောက်ကတော့ Mi-35 နဲ့ လေကြောင်းတိုက်ခိုက်တယ်။ ကျေးရွာလူနေအိမ်တွေလည်း ထိခိုက်တာရှိတယ်၊ ဈေးတွေ ထိခိုက်တာရှိတယ်။ အခုအဲဒီရွာလည်း တစ်ရွာလုံးနီးပါး တိမ်းရှောင် နေကြရတယ်” ဟု PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၄၀ အရွယ်ရှိ ဆိုင်ခေါင်ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးသွားကြောင်း ဒေသတွင်း သတင်းများ အရ သိရသည်။

စစ်ကောင်စီ လက်အောက်ခံ မူဆယ် ၁၀၅ မိုင်၊ နမ့်ဖက်ကာ ခလရ- ၁၂၃ နှင့် နောနားဒုံးတပ်တို့သည် ဇူလိုင်လ ၂၄ ရက် နေ့ ည ၇ နာရီခန့်မှစတင်၍ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကို အကြောင်းပြု ကာ အရပ်သားများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်တာကတော့ ဟိုဖက်ရက်တွေပေါ့နော်။ အဲဒါကလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်။ အခုကတော့ သူတို့ဘာရည်ရွယ်ချက်နဲ့ လာပစ်သလဲတော့ ကျွန်တော် တို့လည်း မသိဘူး။ သေချာတာကတော့ ဘာမှတိုက်ပွဲမရှိဘူး၊ ကျွန်တော်တို့အဖွဲ့လည်း မရှိဘူး။ အရပ်ဘက်ကို သက်သက်ဦးတည်ပြီးမှ တိုက်ခိုက်တာဖြစ်တယ်” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ဦးတည်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့်လူ့အခွင့်အရေး ချိုးဖောက်မှု မျိုးကို မြန်မာပြည်တဝှမ်းတွင် ဆက်တိုက်ပြုလုပ်နေသည်ဟု TNLA က ထုတ်ပြန်ပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုများကြောင့် ဇူလိုင်လအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် မိုင်းငေါ့မြို့နယ် တစ်ကြိမ်၊ ကွတ်ခိုင်မြို့နယ်တွင် တစ်ကြိမ်၊ မူဆယ်မြို့နယ်တွင် နှစ်ကြိမ်၊ စုစုပေါင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- PSLF/TNLA
#မူဆယ်မြို့ #စစ်ကောင်စီတပ် #လက်နက်ကြီးပစ်ခတ်မှုနှင့် #လေကြောင်းတိုက်ခိုက်မှု #ဒေသခံ၁ဦးသေဆုံး #၂ဦးထိခိုက်ဒဏ်ရာရ #Ayeyarwaddy_Times