
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်
ဇူလိုင်လ (၁၆) ရက်နေ့တွင် ဖရူဆိုမြို့နယ် ၊ ဒေါလောခူကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ်များထဲရှိ ပစ္စည်းအသုံးအဆောင်များနှင့် အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူနေသော စစ်ကောင်စီ၏ တပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ( KNDF) တို့မှ တိုက်ခိုက်ခဲ့ကြောင်း KNDF မှ သတင်းထုတ်ပြန်ထားသည်။
ဒေါလောခူကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်း၍ ရွာတွင်းမွှေနှောက်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၆၆) တပ်ဖွဲ့များအား မနက်(၁၁)နာရီခွဲအချိန်တွင် KNDF B-15 နှင့် KA တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ (၁၀)မိနစ်နီးပါးအကြာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးခဲ့ကာ မိမိတို့ဖက်မှ ထိခိုက်မှုများမရှိခဲ့ကြောင်း သိရသည်။
အဆိုပါထိတွေ့မှုအပြီး ပူးပေါင်းတပ်၏ ချေမှုန်းခြင်းကိုခံရ၍ သေဆုံးသွားသော စစ်ကောင်စီ၏တပ်သား ကိုင်ဆောင်လာခဲ့သော MA-1 အမျိုးအစားသေနတ် (၁)လတ် နှင့် ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ်အခြေအစိုက် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းခြံစည်းရိုး ပတ်လည်တွင် တပ်ချထားသော တပ်မ(၆၆) တပ်သားအချို့မှာ တပ်အနီးရှိ ကျေးရွာများအတွင်းသို့ နေ့စဥ်ဝင်ရောက်ကာ အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီးစားသောက်နေသလို နေအိမ်များအတွင်းသို့လည်း ဝင်ရောက်ကာ ဖောက်ထွင်းခိုးယူမှုများလာည်း လုပ်ဆောင်နေသည်ဟု KNDF ဗဟိုသတင်း နှင့် ပြန်ကြားရေးဌာနက ရေးသားထုတ်ပြန်ထားသည်။