ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင်လ ၁၆ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေပြင်းထန်လာတယ်လို့ သိရပါတယ်။

ဟောင်ပါးကျေးရွာအုပ်စုထဲက ဆယ်ဇင်းကျေးရာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA နဲ့ PDF တပ်ဖွဲ့တွေအကြား မနက်ပိုင်းကစတင်ကာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ မနက် ၈ နာရီလောက်စဖြစ်တာ အဲ့မဲ့လင်ချောင်းထဲမှာ ၁၀ နာရီတကြိမ်ထပ်ဖြစ်တယ် ပြီးတော့ ညပိုင်း ၇ နာရီလောက်ပြန်စဖြစ်တယ် ဒီမနက်ပိုင်း လေယာဉ်နဲ့လာဗုံးကျဲတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA နဲ့ PDF တပ်ဖွဲ့တွေအကြားတိုက်ပွဲဖြစ်ပွားမှာ စစ်ကောင်စီတပ်သားတွေအကျဆုံး များတာကြောင့် လေယာဉ်နဲ့ပါ လာရောက်ဗုံးကျဲခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ လာဗုံးကျဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဟောင်ပါးကျေးရွာအုပ်စုထဲက ဆယ်ဇင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၂၀ ထက်မနည်းသေဆုံးတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။