ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
နေပြည်တော်ရှိ စစ်ခေါင်းဆောင် တည်ထားသည့် မာရဝိဇယဘုရားတည်ဆောက်ပြီးစီးခြင်းနှင့် ဆင်ဖြူမွေးဖွားခြင်း ၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ် ထုတ်ဝေ အသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါ နှစ်သောင်းကျပ်တန်ငွေစက္ကူမှာ အစိမ်းနုရောင်ဖြစ်ပြီး ငွေစက္ကူပေါ်တွင် ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားကြောင်း၊ ဇူလိုင်လ ၃၁ ရက်နေ့မှစတင်ကာ အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေသွားမည်ဖြစ်ပြီး လက်ရှိသုံးစွဲနေသော ငွေကြေးများအားလုံးကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ရျိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV ၏ ကြေညာချက်အရ သိရသည်။
နှစ်သောင်းကျပ်တန် ငွေစက္ကူအား ဗဟိုဘဏ်၏ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲတို့တွင် ဇူလိုင်လ ၃၁ ရက်နေ့ကစတင်၍ ဟောင်းနွမ်းပြီး လှည့်လည်သုံးစွဲရန်မသင့်သောငွေများနှင့် တန်ဖိုးတူလဲလှယ်ပေးမည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က အာဏာမသိမ်းမီကပင် တပ်၏ယူနီဖောင်းဝတ်စုံကို အစိမ်းနုရောင်အဖြစ် ထပ်တိုးအသုံးပြုခဲ့ပြီး ယင်းဝတ်စုံမှာ ဗေဒင်ယတြာအရ ဒေါ်အောင်ဆန်းစုကြည်အား နာမ်နှိမ်သည့်အနေဖြင့် အသုံးပြုခြင်းဟု ဝေဖန်သုံးသပ်မှုများရှိခဲ့သည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် ငွေစက္ကူ နှစ်သောင်းတန်အသစ် ထုတ်ဝေရာ၌ အဆိုပါ အစိမ်းနုအရောင်ကိုပင် အသုံးပြုထားသည်ကို တွေ့ရသည်။