ကျော်လင်း/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဇူလိုင်လ ၁၇ ရက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ စပါးကျီလို့တင်စားရတဲ့ ဧရာဝတီတိုင်းမှာ မိုးစပါးစိုက် တောင်သူတွေ အလုပ်သမားရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
ကောက်စိုက်ပျိုးနှုတ်မယ့် အလုပ်သမားရှားပါးတာကြောင့် အလုပ်သမားစရိတ်ကြီးမာလာပြီး ငွေသား ထုတ်ချေးမည့်သူမရှိတာကြောင့် မိုးစပါးစိုက်ပျိုးရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူအများစုက ပြောပါတယ်။

“ တချို့က စပါးကို ကြဲပြီးစိုက်တာတော့ရှိတယ် အဲ့တာက အထွက်နည်းတယ် စိုက်ခင်းက ပိုထွက်တာ ခုက အလုပ်သမားရှားပြီး ရတဲ့အလုပ်သမားကြတော့ ပိုက်ဆံပိုပေးရတော့ တစ်ဧက စိုက်ပျိုးစရိတ်တင် တစ်သိန်းကျော်လောက်ဖြစ်နေတယ်”လို့ ပုသိမ်ဒေသခံလယ်သမားတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လုပ်သားရှားပါးမှုကြောင့် မိုးစပါးစိုက်ပျိုးချိန်မှာ ကောက်စိုက်၊ ပျိုးနှုတ်ခ ၁ ဧကကို အနည်းငယ်ကွာခြားမှု ရှိပေမယ့် အနည်းဆုံး ၁ ဧကကို ၉ သောင်းကျပ်ကနေ အများဆုံး ၁ သိန်း ၂ သောင်းထိ စိုက်ပျိုးစရိတ်ကုန်ကျ နေတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးဖို့အတွက် လုပ်သမားရှားပါးလို့ လုပ်သားစရိတ်တိုးမြှင့်ပေးပြီး လုပ်သားရှားဖို့အတွက် ထုတ်ချေးမယ့်သူ မရှိသလို စိုက်ဘဏ်ကလည်း ကိုဗစ်ကာလက ထုတ်ချေးထုတ်တဲ့ငွေတွေကို ပြန်မဆပ်နိုင်တဲ့သူတွေကို ထုတ်မပေးတော့လို့ တောင်သူအများစုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတောင်သူအများစုက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာမသိမ်းခင်က မိုးစပါးစိုက်ပျိုးဧက ၃ သိန်း ၆ သောင်းကျော်ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ သွင်းအားစုတွေ ၃ ဆကျော်ဈေးတက်လာသလို စိုက်ပျိုးစရိတ်လက်ထဲမရှိလို့ မိုးစပါးစိုက်ဧကမှာ ၃ ပုံပုံ ၁ ပုံနီးပါးလျော့ကျသွားတယ်လို့ ဆိုပါတယ်။