ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင်းရှိ စစ်တပ်ထောက်ခံသည့်ကျေးရွာများအပြင် အတင်းအဓမ္မစုဆောင်းခံထားရသည့်သူများဖြင့် ပျူစောထီး (ပြည်သူ့စစ်)အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးကွန်မန်ဒိုသင်တန်းဆင်းပွဲကို ပြီးခဲ့ သည့် ဇူလိုင် ၁၅ ရက်နေ့ နံနက် ၈ နာရီကျော်က စစ် ကိုင်းတိုင်းဒေသရှိ အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းတွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူးဆိုသူက ဦးဆောင် သင်တန်းပေး၍ အထူးဖွဲ့စည်းပေးခဲ့ပြီး သင်တန်း ဆင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီတပ်မှ ဝါဒဖြန့်ရေးသားထားသည်။

“ပျူသင်တန်းဆင်းပွဲလုပ်တာ ဟုတ်တယ်။ သူတို့ပြော သလို အင်အား ၈၀၀၀ ဆိုတာ မဟုတ်ပါဘူး။ ဘာလို့ဆို လက်ရှိပျူရွာက ပျူတွေတောင်သေနေကြတာ။ စိတ်ပျက်ပြီး ထွက်ပြေးတဲ့သူကပြေးနဲ့ စစ်တပ်က ရွာ တွေကို လိုက်ပြီးအတင်းအဓမ္မစုဆောင်းတာကို ခံထားရတဲ့ ရွာသားတွေကို ပျူထဲ၀င်ခိုင်းပြီး ဖွဲ့ထားတာ။ ခုသူတို့ပျူတွေ ပြည်သူ့စစ်တွေဆိုတာ အသက် ၆၀ နီးပါး သက်ကြီးရွယ်အိုတွေလည်းပါတယ်။ မ၀င်တဲ့ရွာသား တွေကိုတော့ ဖမ်းခေါ်ပြီး ပစ်သတ်ထားခဲ့ကြတာ”ဟု စစ်ကိုင်းတိုင်းရှိ ပျူရွာအဖြစ်သတ်မှတ်ခံထားရသည့် မလဲသာရွာသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ လိပ်ထူအုပ်စု၊အင်ကြင်းစုကျေးရွာကို ဘုန်းကြီးဦးဝါသဝ ဦးဆောင်သော လက်နက်ကိုင် ပြည် သူ့စစ်အဖွဲ့က ပျူကျေးရွာအဖြစ် အသွင်းပြောင်းခိုင်းနေကြောင်း၊ ကျေးရွာရှိ ဆယ်အိမ်မှူးတစ်ဦးလျှင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ကောက်ခံပေးရမည်ဟု ညွှန်ကြားမှုများရှိခဲ့ပြီး ကျေးရွာတွင်းရှိ လူငယ်များကို မဲဖောက်ကာ ပြည်သူ့ စစ်အဖြစ် စုဆောင်းလျက်ရှိကြောင်းနှင့် မဲပေါက်သော လူငယ်များအနေဖြင့် ပြည်သူ့စစ်(ခ) ပျူစောထီးအဖွဲ့မ၀င်လိုပါက ၁၀ သိန်းကျပ်ပေးရန် ဦးဝါသ၀ ဦးဆောင်သော လက်နက်ကိုင်အဖွဲ့က တောင်းခံမှုများရှိ‌နေကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်း-ရွာသစ်ရွာတို့တွင်လည်း ပေါက်ကိုယ်တော်ဆိုသည့် ဘုန်းကြီးတစ်ပါးမှ ပျူများစုဆောင်း၍ ပြည်သူ့စစ် အဖြစ် လက်နက်များတပ်ဆင်၍ စုဆောင်းမှုများရှိပြီး ၎င်းစုဆောင်းထားသည့် ပျုများကို ဇူလိုင် ၁၁ ရက်နေ့က တော်လှန်ရေးအဖွဲ့များမှ တိုက်ခိုက်ခဲ့သဖြင့် ပျူအဖွဲ့၀င် ၂၀ ကျော်အထိ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ပုံစာ- ကန့်ဘလူမြို့၊ ၆၀၀၆ တပ်ရင်းတွင် ပြည်သူ့ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည့်ပုံ
#စစ်ကိုင်း#ကန့်ဘလူ#ပြည်သူ့စစ်#ကွန်မန်ဒို# သင်တန်းဆင်း
#Ayeyarwaddy_Times