မင်းခ/ဧရာဝတီတိုင်းမ်
ရန်ကုန်၊ ဇူလိုင်လ ၁၆ ရက်

စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်ကာလအတွင်း အွန်လိုင်းပေါ်မှတဆင့် ငွေကြေးလိမ်လည်မှုတွေ တနေ့တခြားပိုများလာတယ်လို့ အွန်လိုင်းအသုံးပြုသူများထံမှ သိရပါတယ်။

” ဒီရက်ပိုင်း လိုင်းပေါ်မှာ ငွေလိမ်ခံရတဲ့ကိစ္စတွေက ပိုများလာတယ်။ တချို့ဆို အလိမ်ခံရမှန်းမသိကြဘူးဗျ။ လိုင်းပေါ်ကဆိုတော့ ဘယ်သူတွေလုပ်လို့လုပ်မှန်းမသိတော့ ခက်ကြတာပေါ့” လို့ အွန်လိုင်းပုံမှန်ပြုနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ငွေကြေးလိမ်လည်သူများမှာ Facebook၊ Virber၊ Telegram နဲ့ ဖုန်းနံပါတ်များအသုံးပြု၍ ငွေကြေးလိမ်လည်နေတာဖြစ်တယ်လို့ ငွေကြေးလိမ်လည်ခံရသူအချို့က ဆိုပါတယ်။

” ကျွန်မဖုန်းနံပါတ် ဘယ်ကရမှန်းမသိဘူး။ အဲ့နံပါတ်နဲ့ Wave၊ Kpay တို့ဖွင့်ထားတာလေ။ Wave အကောင့်ထဲကို ငွေ ၃ သိန်းရောက်လာတယ်။ Password လည်းခံထားတယ်။ ဘယ်ကမှန်းမသိဘူး။ ခဏနေတော့ ဖုန်းဝင်လာတယ်။ သူငွေလွှဲလိုက်တာပါတဲ့။ Password လိုချင်ရင် သူပြောတဲ့ နံပါတ်ကို ငွေလွှဲပေးဖို့ပြောတယ်။ အဲ့တာနဲ့လွှဲလိုက်တော့ ဘာမှပြန်မလာတော့ဘူး။ ဖုန်းလည်းပိတ်သွားတယ်။ တစ်ပတ်ကျော်ပြီဖုန်းဆက်မရတာ” လို့ ငွေကြေးလိမ်လည်ခံရသူ ရန်ကုန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ငွေကြေးလိမ်လည်သူများက လိမ်လည်ခံရတဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားပြောဆိုမှုများပါလုပ်ဆောင်နေတယ်လို့ လိမ်လည်ခံရသူ အမျိုးသမီးအချို့က ဆိုပါတယ်။

” ကျွန်မအကောင့်ကို အကောင့်တုနဲ့လာပြီးစကားပြောတယ်။ ညီမကိုသိတယ်လို့ပြောတယ်။ အပြင်မှာတွေ့ဘူးတယ်ဘာညာပြောပြီး ညီမရဲ့ Leaked ပုံတွေရှိတယ်လိုပြောတယ် ပြတော့မပြဘူး။ လိုင်းပေါ်မတင်စေချင်ရင် Wave/Kpay နဲ့ ပိုက်ဆံ​လွှဲပေးဖို့ပြောတယ်။ ညီမလည်း လွှဲမပေးလိုက်ဘူး” လို့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်စော်ကားပြောဆိုခံရတဲ့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယင်းကဲ့သို့ ငွေကြေးလိမ်မှုတွေရှိနေသော်လည်း ယခင်အရပ်သားအစိုးရလက်ထက်ကဲ့သို့ ပွင့်လင်းမြင်သာစွာတိုင်ကြားခွင့်မရှိခြင်း၊ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို အယုံအကြည်မရှိတာကြောင့် မတိုင်ကြားသူအများအပြားရှိနေပါတယ်။

” လိုင်းပေါ်က ငွေအလိမ်ခံရတယ်။ အများစုကတော့ မတိုင်ကြဘူး။ အရင်အစိုးရလက်ထက်တုန်းကလည်းရှိတယ်။ အဲ့တုန်းက ဖုန်းနံပါတ် Facebook အကောင့်သိရုံနဲ့ တိုင်ရင် အရေးယူလို့ရတယ်။ ခုက မတိုင်ရဲကြဘူး။ တချို့ကလည်း မယုံလို့မတိုင်ကြဘူး။ ဒီအတိုင်းငြိမ်ခံနေကြတာ” လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ဇွန်လအတွင်းကလည်း ပုသိမ်အကျဥ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားများကျန်းမာရေးမကောင်းဘူးလို့ပြောဆိုကာ နိုင်ံငံရေးအကျဥ်းသားများရဲ့ မိသားစုထံ ငွေကြေးလိမ်လည်တောင်းယူမှုတွေဖြစ်ပွားခဲ့တယ်လို့ ပုသိမ်နိုင်ငံရေးအကျဥ်းသားများအရေး ကူညီပေးနေသူများထံမှ သိရပါတယ်။