ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ဒေသခံပြည်သူများသည် ဇွန်ကတည်းက စတင်ပြီး ရွာလုံးကျွတ် စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။

ရငဲကျေးရွာရှိ ဘုရားတောင်တွင် စစ်ကောင်စီတပ်သားများက အထိုင်ချ တပ်စွဲထားပြီး ဒေသခံများကိုဖမ်းဆီး၊ ရိုက်နှက်၊ နေအိမ်များကို ဖျက်ဆီးမွှေနှောက်မှုများကြောင့် ရငဲကျေးရွာ ဒေသခံများ စစ်ဘေးရှောင်းနေရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“လက်ရှိအချိန်ထိ အိမ်တွေမပြန်ရဘူး၊ စစ်တပ်က တပ်စွဲထားပြီး သောင်းကြမ်းနေတော့။ ရှိသမျှပစ္စည်းတွေအကုန်ယူတယ်၊ ရွာထဲမှာလည်း အဘိုးအဖွားတွေလောက်ပဲရှိတဲ့ သူတွေကိုလည်း လမ်းကို မထွက်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ ရွာကလည်း ရွာနဲ့ မတူတော့ဘူး” ဟု ငရဲကျေးရွာ ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

ရငဲကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး လက်ရှိတွင် စစ်ဘေးရှောင်နေကြရသည့် ရငဲကျေးရွာသားများသည် အစားအသောက်များနှင့် ဆေးဝါးများလည်း လို့အပ်နေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ဇူလိုင်လ ၃ ရက်နေ့တွင် ထိုရငဲကျေးရွာက အဖိုးတန်ဆိုင်ကယ်များဖြစ်သည့် ကလစ်ဘီး၊ PCX၊ Dream 125 ရွှေလိုင်း စသည့် ဆိုင််ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး သရက်ချောင်းမြို့ပေါ်တွင် လျှော့စျေးဖြင့် ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ရငဲကျေးရွာမှ နေအိမ်များအတွင်းရှိ စားသောက်ကုန်များနှင့် အမျိုးသမီးသုံး ထမီ၊ ဘောင်းဘီ၊ စကပ်၊ ရေမွှေး စသည့်ပစ္စည်းများကို ဖောက်ထွင်းယူဆောင်သွားခဲ့ကြသည်။

ဓာတ်ပုံ-ရငဲကျေးရွာ စျေးလမ်းထိပ်
#ရငဲရွာကျေးရွာက #ဒေသခံပြည်သူ ရွာလုံးကျွတ်နီးပါး #စစ်ဘေးရှောင် #အစားသောက် #ဆေးဝါးလိုအပ်

#Ayeyarwaddy_Times