ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၂ ရက်
ကရင်နီဒေသသို့ စစ်ကိုင်းတိုင်းမှ စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉ ဘီလူးစစ် ကြောင်းအပါအဝင် တပ်မတစ်ခုလုံးကို ကရင်နီသို့ပြောင်းရွှေ့ခဲ့ပြီး တပ်ရင်း၊ တပ်မများ ပို့ဆောင်၍ ကရင်နီတွင် စစ်မျက်နှာများဖွင့် ထိုးစစ်ဆင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ကရင်နီဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နေပြည်တော်သို့ ရောက်မလာစေရန် အထူးကာကွယ်သည့်အနေဖြင့် ၎င်း၏ တပ်မလေးခုကို ကရင်နီ ပြည်နယ်သို့ ထပ်မံပို့ဆောင်၍ အင်အားအလုံးအရင်း ဖြည့်တင်းကာ ထိုးစစ်ဆင် နေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ကရင်နီကိုပဲပြောရမှာပေါ့ အဲဒီတစ်ကြောပေါ့၊ ရှမ်းပြည်ဘက်ရော အဲဒီဘက်က တပ်တွေကို တပ်ကူတွေဖြည့်ပြီး ထိုးစစ်ဆင်နေတာ။ ရှေ့တစ်ပတ် လောက်ကပဲ တပ်အင်အားတွေ ထပ်ပို့ထားတယ်။ အဓိကတော့ နေပြည်တော်ဘက်ကို ဆင်းမလာ အောင်ပေါ့။ အဘက်ဘက်ကနေ စစ်မျက်နှာဖွင့်ပြီး ထိုးစစ်ဆင်နေတာ။ အဓိကတော့ လေကြောင်းသုံးပြီး တိုက်ခိုက်နေတယ်”ဟု စစ်ကောင်စီတပ်သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်အခြေစိုက် တပ်ရင်းများကို စစ်ယာဉ်တန်းများဖြင့်သာမကဘဲ လေယာဉ်များဖြင့်ပါ အင်အားများဖြည့်တင်း၍ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် တပ်မ ၄၄၊ တပ်မ ၅၅၊ တပ်မ ၆၆၊တပ်မ ၇၇ ၊ တပ်မ ၉၉ တပ်မ လေးခုအပြင် အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၂)၊ (စကခ ၁၈) လက်အောက်ခံ တပ်ရင်းများကိုပါ ကရင်နီဒေသသို့ ပို့ဆောင်ထားပြီး စစ်ကြောင်းများခွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
“တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းနှစ်ရင်းက ဖားဆောင်းဘက်ကို၀င်နေတယ်။ လက်ရှိမှာ ဟဲဟိုး၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်ဘက်ကို တပ်မ ၅၅၊ ၇၇ ကတပ် ရင်းတွေ ၀င်နေတာ”ဟု ကရင်နီတပ်ပေါင်းစုမှ ရဲဘော် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် နေပြည်တော်ကို အထူးကာကွယ်နေရသည့်အတွက် တိုင်းဒေသ အသီးသီးရှိ တပ်အင်အားများ ထုတ်နုတ်၍ နေပြည်တော်တွင် အင်အား ဖြည့်တင်းထားရပြီး စစ်ကိုင်းတိုင်းတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် တပ်မ ၉၉ ကိုလည်း နေရာရွှေ့ပြောင်း၍ ထိုးစစ်ဆင်ခိုင်းထားကြောင်း သိရသည်။
ထို့ပြင် အင်းမတပ် ၆၆ တပ်ရင်း၏ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ(၁) (မင်းလှစစ်ကွင်း)၊ ခလရ-၁၁ (ဝါးယားချောင်း)၊ ခလရ -၁၄ (ပြည်) ၊ ခလရ-၃၅ (သာယာ၀တီ) ၊ ခလရ-၈၀ (အင်းမ) ၊ ခလမ-၄ (အင်းမ)၊ ခမရ-၅ (အင်းမ)၊ ခမရ-၆ (အုတ်ဖို) ၊ ခမရ-၁၀ (စမ္ပယ်) ၊ ခမရ- ၁၀၈ (ဓနုဖြူ) တပ်ရင်းများသည် စစ်ကောင်စီတပ်၏ အားထားရသည့်တပ်ရင်းများဖြစ်ပြီး ကရင်နီပြည်နယ်သို့ ထိုးစစ်ဆင် ၀င်ရောက် တိုက်ခိုက် နေရသည့် တပ်ရင်းများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း၌ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ် ကြောင်းနေရာတွင် ကွန်မန်ဒို (လင်းယုန်တပ်ဖွဲ့)ကို အစားထိုး၍ ချေမှုန်းတိုက်ခိုက်နေကြောင်း စစ်ကောင်စီ တပ်တွင်းမှ သိရသည်။
#ကရင်နီပြည်နယ် #တပ်မ၉၉ #ဘီလူးစစ်ကြောင်း #စစ်ကောင်စီတပ်မတပ်ရင်း #ပြောင်းရွှေ့ #Ayeyarwaddy_Times