ဧရာဝတီတိုင်းမ်
(ရေး)၊ ဇူလိုင်လ ၁၁ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ဇွန်လလလယ်ခန့်က စတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်မှုများလည်း ကြုံလာရသည့်အတွက် ဒေသခံအချို့မှာ ပြောင်းရွှေ့ နေထိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှစတင်၍ မော်လမြိုင်-ရေး-ထားဝယ်လမ်းမကြီးတစ်လျှောက် စစ်ဆေးမှုများပြုလုပ်ခဲ့ ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာသည်။ ထိုသို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ဒေသခံအချို့မှာ မုဒုံ၊ မော်လမြိုင်၊ သံဖြူဇရပ်မြို့များသို့ပြောင်းရွှေ့ နေထိုင်ရန်ပြင်ဆင်နေကြောင်း သိရသည်။
“နှစ်ကရင်မှာတော့ လေယာဉ်နဲ့တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပိုက်ဆံရှိတဲ့သူတွေက မုဒုံတို့၊ မော်လမြိုင်တို့ကို ပြောင်းကုန်ပြီ။ PDFတွေ ရေးမြို့ကို လာတိုက်မယ်ဆိုလို့ တချို့တွေက ပြောင်းဖို့ပြင်ဆင်နေကြတယ်။ ဒီကာလမှာ တခြားပြောင်း နေကြမယ့် သဘောပေါ့” ဟု ရေးဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရေးမြို့နယ်အတွင်းရှိ ဒေသခံများ အနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန်နှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ထပ်မံရှိလာနိုင်ကြောင်းလည်း Ye People Defense Force-YPDF က သတိပေး ထားသည်။
“စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုက ကျေးရွာတွေ သာမကဘဲ မြို့တွေကိုပါ မကြာခင်ကူးစက် လာပါလိမ့်မယ်လို့ သတိပေးပါရစေ။ အခု ကာလသည် စစ်အတွင်း ကာလမို့ မည်သူမဆို နစ်နာနေတဲ့ ကာလပါ။ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ် တောက်လို့လူထုရဲ့ အော်သံအချို့ကြားရပေမယ့် မြို့နေလူတန်းစားတစ်ရပ် ရပ်တည် အဆင်ပြေရေးကိုသာ ရှေ့ရှုပြီး အားနာ အလိုလိုက်နေရင်တော့ စစ်ရေးရည်မှန်းချက်ဟာ ရေပေါ်အရုပ်ရေးသလိုသာ ဖြစ်ပါလိမ့်မယ်။ လူထုအနေနဲ့ ဒါကို လက်ခံသဘောပေါက်ပြီး အမြင်မစောင်းဖို့လိုပါတယ်” ဟု Ye Special Tasks Force-YSTF တာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ရေးအရှိန်မြင့်မား လာသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအများစုမှာ ပိတ်သိမ်း ထားကြောင်းသိရသည်။
စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အရာရှိတချို့မှာလည်း ညပိုင်းတွင် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများအတွင်း သွားရောက်နေထိုင်ကြပြီး ဝန်ထမ်းများ အနေဖြင့်လည်း မြို့နယ်ကျော်သွားလာပါက ခွင့်ပြုချက်ဖြင့်သာ သွားလာရန် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) က ညွှန်ကြားထားသည်။
“ရေးမှာက မွန်တွေများတယ်။ NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ထောက်ခံသူနဲ့ MUP(မွန်ညီညွတ်ရေးပါတီ) ထောက်ခံသူ များတယ်။ MUPထောက်ခံသူအချို့ကတော့ PDF တွေအပေါ် မကြိုက်ကြဘူး” ဟု ရေးမြို့ခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရေးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကလည်း KNLA၊ PDF ပူးပေါင်းတပ်များက မလွှဲတောင်တံတားနှင့် ဆက်သွယ်ရေးတာဝါတိုင်ကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ စခန်းကိုသိမ်းပိုက်ခဲ့ပြီး မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမကြီးတစ်လျှောက်တွင် လည်း နယ်မြေစိုးမိုးနိုင်ရေးအတွက် နေ့စဉ်လုံခြုံရေးယူ စစ်ဆေးလျက်ရှိသည်။
ဓာတ်ပုံ – ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်း
#မွန်ပြည်နယ် #ရေးမြို့ #လေကြောင်းတိုက်ခိုက်မှု #ဒေသခံအချို့ပြောင်းရွှေ့ #ဗုံးခိုကျင်း #ဌာနဆိုင်ရာရုံး #KNLA #PDF #Ayeyarwaddy_Times