ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့အားထားရသည့် Yak – 130 တိုက်လေယာဉ်များဖြင့် အရေးပေါ် လေကြောင်းစစ်ဆင်ရေးများပြုလုပ်ကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်သွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ထိပ်တန်းလေတပ်အရာရှိကြီးများက ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော်နှင့် တံတားဦးလေတပ်မှ
Yak – 130 အုပ်မှူးများဖြင့် အစည်းအဝေးပြုလုပ်ကာ အရေးပေါ်လေကြောင်းစစ်ဆင်ရေးများ ပြုလုပ်သွားရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“လေကြောင်းတိုက်ခိုက်ဖို့ အရေးပေါ်စစ်ဆင်ရေးတွေ ပြင်ဆင်နေတယ်။ Yak 130 အုပ်တခုလုံးကို မနေ့က မနက်ပိုင်းထဲက အစည်းအဝေးခေါ်ပြီး ညွှန်ကြားထားတာ။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဘက်ကို လုပ်ဖို့ရှိတယ်။ အဲ့ဒေသတွေ အထူးသတိထားဖို့ လိုအပ်ပါမယ်”ဟု နေပြည်တော်လေတပ်မှ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလေတပ်တွင် ရုရှားနိုင်ငံထုတ် Yak 130 အမျိုးအစား တိုက်လေယာဉ် ၁၈ စီးရှိပြီး နေပြည်တော်လေတပ်တွင် ၆ စီး၊ မန္တလေးတိုင်းရှိ တံတားဦးလေတပ်တွင် ၁၀ စီးနှင့် ရန်ကုန်တိုင်းရှိ မှော်ဘီလေတပ်တွင် အရံအဖြစ် ၂ စီးထားရှိကြောင်း သိရသည်။

နေပြည်တော်လေတပ်မှ Yak 130 အုပ်စုလေယာဉ်များကို ယာယီအုပ်မှူးအဖြစ် ဗိုလ်မှူး သက်လင်းမောင်နှင့် ဗိုလ်မှူး နေဝင်းကျော်တို့က ဦးစီးပြီး တံတားဦးလေတပ်မှ Yak 130 အုပ်ကို ဗိုလ်မှူး ရဲဇော်နိုင်က ဦးစီးကြောင်း သိရသည်။ စစ်ကောင်စီလေတပ် Yak 130 အုပ်တစ်ခုလုံး၏ လက်ရှိတာဝန်ခံအဖြစ် တံတားဦးလေတပ်မှ ဗိုလ်မှူး ရဲဇော်နိုင်က ဆောင်ရွက်နေခြစ်ဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရေမြက်ရွာကို ဇူလိုင်လ ၁၀ ရက်နေ့က စစ်ကောင်စီလေတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းတစ်စဆာင် ပျက်စီးသွားကြောင်းနှင့် မိုးရွာနေ၍ ကျောင်းပိတ်ထားသဖြင့် ကလေးငယ်များ ထိခိုက်မှုမရှိကြောင်း RFA သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကချင်ပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံ ဒေသအများအပြား၌ လူပေါင်းရာနှင့်ချီ၍ သေဆုံးဒဏ်ရာရစေခဲ့သည့် မြန်မာစစ်တပ်၏လေကြောင်း စစ်ဆင်ရေးများကို အဓိက အမိန့်ပေးနေသူမှာ ဒု ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အာဏာသိမ်းစစ်တပ်၏ ဒုတိယ စစ်ခေါင်းဆောင် ဖြစ်သလို တပ်မတော်၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကာ စစ်ကောင်စီ၏ ဒုတိယ ဝန်ကြီးချုပ်လည်း ဖြစ်သည်။

စစ်ကောင်စီတပ်မှာ မြေပြင် တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှု များပြားခဲ့သဖြင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တော်လှန်ရေးအင်အားစုများနှင့် KNU၊ KIO၊ CNF စသည့် တိုင်းရင်းသားတော်လှန်ရးတပ်ဖွဲ့ များအပေါ် လေကြောင်းကို အားပြု၍ ပစ်ကူပေးခြင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီ၏တပ်မတော်(လေ) လက်အောက်တွင် တံတားဦး၊ မှော်ဘီ၊ နေပြည်တော်၊ တောင်ငူ၊ မကွေး၊ ပုသိမ် အစရှိသည့်လေတပ်များမှ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များက တော်လှန်ရေးအင်အားစုများနှင့် အရပ်သား ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင်များက လေတပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ရာထူးမှ အနားပေးခဲ့ပြီး ၎င်း၏နေရာတွင် ဗိုလ်ချုပ်ကြီး ထွန်းအောင်ကို အစားထိုး ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ထွန်းအောင် လေတပ်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီးနောက် လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများစွာ ပေါ်ပေါက်ခဲ့သည်။

#လေတပ် #နေပြည်တော် #လေကြောင်းစစ်ဆင်ရေး #Ayeyarwaddy_Times